မြို့ပြလမ်းညွှန်။ ။Göttingen
ဆန်းသစ်တီထွင်သောစိတ်ဝိညာဉ်များကိန်းအောင်းနေသော အသိပညာမြို့တော်

ဂေါ်တင်ငန်မြို့တွင် လမ်းများအားလုံးသည် တက္ကသိုလ်ဆီသို့ ဦးတည်နေသကဲ့သို့ မြို့နေလူဦးရေ (၄) ဦးစီတိုင်းတွင် တစ်ဦးသည် အဆင့်မြင့်ပညာကို ဆည်းပူးနေသော ကျောင်းသား ဖြစ်လေ့ရှိသည်။
ဂေါ်တင်ငန်မြို့တွင် လမ်းများအားလုံးသည် တက္ကသိုလ်ဆီသို့ ဦးတည်နေသကဲ့သို့ မြို့နေလူဦးရေ (၄) ဦးစီတိုင်းတွင် တစ်ဦးသည် အဆင့်မြင့်ပညာကို ဆည်းပူးနေသော ကျောင်းသား ဖြစ်လေ့ရှိသည်။ | ဓါတ်ပုံ : © picture alliance/dpa/Swen Pförtner

ဂေါ်တင်ငန်မြို့သို့ရောက်ရှိလာသောမြို့ခံမဟုတ်သည့်မျက်နှာစိမ်း သို့မဟုတ် မြို့ခံများကိုကြိုဆိုရာဖြစ်သည့် ဂေါ်တင်ငန် ဗဟိုဘူတာရုံကြီးအတွင်းတွင် “အသိပညာများကိုဖန်တီးရာမြို့” ဟူသောမြို့၏ဆောင်ပုဒ်ကိုရေးထွင်းထားသည်။ မြို့၏အရှိန်အဟုန်နှင့်သဟဇာတစည်းချက်ညီမှုများက ဂေါ်တင်ငန်တက္ကသိုလ်အပေါ် မူတည်သော ဤဂေါ်တင်ငန်မြို့မှတစ်ပါး ထိုဆောင်ပုဒ်အတွက် ပိုမိုသင့်တော်သောနေရာသည် ရှားပေလိမ့်မည်။ ကျွန်တော်တို့၏စာရေးသူဖြစ်သော စတက်ဖန် ကိုင်တဲလ် (Stefan Keitel) က ဤဆောင်းပါးတွင် လွတ်လပ်သောပညာရေးစိတ်ဝိညာဉ်များ၊  ဇွဲ၊ လုံ့လ၊ ဝီရိယတို့ စိုက်ထုတ်ထားသော သုတေသနများ၊ နိုင်ငံရေးနိုးကြားမှုများ စသည့်အရာတို့ဖြင့်ပြည့်စုံသော ဂေါ်တင်ငန်မြို့ရှိနေရာများအကြောင်းကို ပြောပြထားပါသည်။

ရေးသားသူ​ Stefan Keitel

အသိပညာမြို့တော်မှဆန်းသစ်တီထွင်ဖန်တီးဉာဏ်များ

ဂေါ်တင်ငန်မြို့ မြို့လယ်အရပ်မှ ဂျော့ချ်အောဂတ်စ် (Georg August) တက္ကသိုလ်ရှိ သမိုင်းဝင်ပွဲခန်းမအဆောက်အဦး။
ဂေါ်တင်ငန်မြို့ မြို့လယ်အရပ်မှ ဂျော့ချ်အောဂတ်စ် (Georg August) တက္ကသိုလ်ရှိ သမိုင်းဝင်ပွဲခန်းမအဆောက်အဦး။ | ဓါတ်ပုံ : © Adobe
ဤတွင်အရက်ဘားများ၌မေးလေ့ရှိသောမေးခွန်းတစ်ခုရှိပါသည်။ “ပြန်လည်အသုံးပြုနိုင်သော စက္ကူ၊ ကိုကင်း၊ မိုးကြိုးလွှဲများ၊ တစ်ပါတည်းစားနိုင်သောအာလူးကြော်ထည့်သည့်ခွက်များ အစရှိသည်တို့တွင် မည်သို့သောဘုံတူညီသည့်အရာများရှိသနည်း။” အဖြေကိုသင်ခန့်မှန်းမိလောက်ပါပြီ။ ၎င်းတို့အားလုံးကို ဆက်ဆွန်နီပြည်နယ် (Saxony) တောင်ပိုင်းရှိ ဂေါ်တင်ငန်မြို့တွင်တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ ဤတက္ကသိုလ်မြို့လေးသည် နှစ်ပေါင်းများစွာကပင် မြို့မှတစ်ဆင့်ကမ္ဘာကြီးသို့တင်ပို့ခဲ့သော တီထွင်မှုနှင့်တိုးတက်မှုများကို အလွန်ဂုဏ်ယူလေ့ရှိသည်။ ဂေါ်တင်ငန်မြို့သည် နိုဘယ်လ်ဆုပိုင်ရှင် (၄၀) ကျော်အားမွေးထုတ်ပေးရာဖြစ်သကဲ့သို့ ၎င်းတို့အနက်မှ (၁၄) ဦးတို့သည် ဂေါ်တင်ငန်မြို့၌နေထိုင်စဉ် ရှာဖွေတွေ့ရှိမှုများအတွက်ချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပါသည်။ သို့သော် ဂေါ်တင်ငန်မြို့မှပညာရှင်များသည် နိုဘယ်ဆုမတည်ရှိစဉ်ကတည်းပင် နာမည်တစ်ခုဖြင့်ရပ်တည်ခဲ့သူများဖြစ်သည်။ အော့တိုဗွန်ဘစ်စမတ် (Otto von Bismarck)၊ ဂရင်းမ်ညီနောင် (the Brothers Grimm)၊ ကားလ်ဖရက်ဒရစ်ချ်ဂေါ့ဇ် (Carl Friedrich Gaus)၊ မက်ဇ်ပလန့်ခ် (Max Planck) တို့အားလုံးသည် ဤမြို့တွင်နေထိုင်၍အလုပ်လုပ်ကာ သုတေသနများကိုပြုလုပ်ခဲ့ကြသည်။ ဤမြို့အတွင်းရှိလမ်းများအားလုံးသည် တက္ကသိုလ်ဆီသို့ ဦးတည်နေသကဲ့သို့ မြို့နေလူဦးရေ (၄) ဦးစီတိုင်းတွင်တစ်ဦးသည် အဆင့်မြင့်ပညာကိုဆည်းပူးနေသောကျောင်းသားဖြစ်လေ့ရှိသည်။ ထို့အတူ ဂျော့ချ်အောဂတ်စ် (Georg August) တက္ကသိုလ်ဟုခေါ်သော ဂေါ်တင်ငန်တက္ကသိုလ်သည်လည်း မြို့၏အလုပ်အကိုင်အခွင့်အလမ်း ဒုတိယအများဆုံးဖန်တီးပေးထားနိုင်သောနေရာတစ်ခုအဖြစ် ရှိနေပါသည်။ သက္ကရာဇ် ၁၇၃၇ တွင်စတင်တည်ထောင်ခဲ့ချိန်မှစ၍ တက္ကသိုလ်၏အဆောက်အအုံများသည် သမိုင်းဝင်မြို့၏မြို့ရှုခင်းကိုပုံဖော်ပေးနေသကဲ့သို့ ကျောင်းသားများသည်လည်း မြို့၏စရိုက်ဟန်ပန်နှင့်ယဉ်ကျေးမှုဘဝအပေါ် လွှမ်းမိုးသက်ရောက်မှုများချန်ထားခဲ့လေ့ရှိသည်။ ထိုသို့ တီထွင်မှုများနှင့်သုတေသနများသည် ဂေါ်တင်ငန်တက္ကသိုလ်တွင် ကန့်သတ်ထားခြင်းမရှိဘဲ ဂေါ်တင်ငန်မြို့သည် အသုံးချသိပ္ပံတက္ကသိုလ်နှစ်ခု၏ဘူမိနက်သန်နေရာဖြစ်သည်နှင့်အညီ မက်ဇ်ပလန့်ခ် (Max Planck) အင်စတီကျူအခွဲများ၊ ဖရွန်ဟိုဖာ (Fraunhofer) အင်စတီကျုနှင့် ဂျာမန်လေကြောင်းနှင့်အာကာသသိပ္ပံစင်တာများကိုလည်း ကိုယ်စားပြုသည်။
 

ငန်းများပိုင်ရှင် မိန်းကလေးအတွက် အနမ်းတစ်ပွင့်

အချိန်အတော်ကြာအထိ တရားမဝင်ဖြစ်ခဲ့သော်လည်း ငန်းများပိုင်ရှင် မိန်းမပျိုလေး၏ပါးပြင်ကို အနမ်းတစ်ပွင့်ပေးခြင်း၊ သူမလက်ထဲသို့ ပန်းစည်းထည့်ပေးခြင်းမတိုင်မီ မြို့တော်မှထွက်ခွာသော အောင်မြင်သောပါရဂူတန်းကျောင်းသားဟူ၍မရှိပါ။
အချိန်အတော်ကြာအထိ တရားမဝင်ဖြစ်ခဲ့သော်လည်း ငန်းများပိုင်ရှင် မိန်းမပျိုလေး၏ပါးပြင်ကို အနမ်းတစ်ပွင့်ပေးခြင်း၊ သူမလက်ထဲသို့ ပန်းစည်းထည့်ပေးခြင်းမတိုင်မီ မြို့တော်မှထွက်ခွာသော အောင်မြင်သောပါရဂူတန်းကျောင်းသားဟူ၍မရှိပါ။ | ဓါတ်ပုံ : © picture alliance/Christian Ender
ဂေါ်တင်ငန်မြို့၊ သက်တမ်းရင့်မြို့တော်ခန်းမအဟောင်းရှေ့ရှိရင်ပြင်သည် သမိုင်းဝင်မြို့လယ်ရပ်ကွက်၏အသည်းနှလုံးနေရာဖြစ်၍ အချိန်းအချက်ပြုလေ့ရှိရာနာမည်ကျော်နေရာတစ်ခုလည်းဖြစ်သည်။ သို့ရာတွင် မည်သူမျှ “မြို့တော်ခန်းမအဟောင်း သို့မဟုတ် စျေးမှာဆုံရအောင်” ဟုပြောလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းအနေဖြင့် “ဂန်စဲလ်လီဆယ်” Gänseliesl သို့မဟုတ် “ငန်းလစ်ဇီ” Goose Lizzy ရုပ်ထုသည်သာ သင့်သူငယ်ချင်းကိုစောင့်ရန်နေရာဖြစ်ကြောင်း အလိုလိုသိပြီးသောကြောင့်ဖြစ်သည်။ အတိတ်ကာလများတွင် တက္ကသိုလ်ဝင်ခွင့်ရရှိသောကျောင်းသားသစ်များအနေဖြင့် ရေပန်းရုပ်ထုပေါ်သို့တက်၍ မိန်းမပျိုအရုပ်အားအနမ်းတစ်ပွင့်ပေးရသည့် အစဉ်အလာ​ရှိခဲ့သည်။ ယနေ့တွင်မူ မိမိစာတမ်းကိုအောင်မြင်စွာခုခံထုချေပြီးသည့်ပါရဂူတန်းကျောင်းသားများသာလျှင် ဂန်စဲလ်လီဆယ်သို့ခရီးဆက်၍ မိန်းမပျိုလေးအားပန်းစည်းပေးခွင့်နှင့်မိတ်ဆွေသူငယ်ချင်းအချင်းချင်းကဲ့သို့ ပါးပြင်ပေါ် အနမ်းပေးခွင့် ရှိပေတော့သည်။ ၁၉၂၆ ခုနှစ်သို့ရောက်သောအခါ ဤဓလေ့ကြောင့် ရေပန်းတွင်လူအလွန်စည်ကားလာသည့်အတွက် မိန်းမပျိုရုပ်ထုအားအနမ်းပေးခြင်းသည် ဥပဒေအရတားမြစ်ခံခဲ့ရသည်။ ဤတားမြစ်ချက်ကို မည်သူမျှဂရုမထားကြသော်လည်း ၂၀၀၁ ခုနှစ်၌အနမ်းပေးခြင်းကိုပြန်လည်ခွင့်ပြုခြင်းမရှိခင်အထိ ၎င်းသည်စာရွက်ပေါ်တွင်ရှိနေခဲ့သည်။ လူတော်တော်များများသည် ယခုရေပန်းအပေါ်တွင်ရှိနေသော ဂန်စဲလီဆယ်လ်ရုပ်ထုမှာ ပုံစံတူရုပ်ထုသာဖြစ်ကြောင်း မသိကြပေ။ မူလရုပ်ထုကို ၁၉၉၀ ခုနှစ်တွင် ဂေါ်တင်ငန်မြို့တော်ပြတိုက်သို့ ရွှေ့ပြောင်းထားရှိခဲ့ပါသည်။

 

ဂေါ်တင်ငန်ခုနှစ်ဖော် 

၂၀၁၇ ဧပြီလ ၁ ရက်နေ့၌ ဂေါ်တင်ငန်မြို့ ဝီလ်ဟန်ရင်ပြင် (Wilhelms Square) တွင် ပြုလုပ်ခဲ့သော  လက်ယာစွန်းဝါဒီ “Freundeskreis Thüringen-Niedersachsen” (Thügida) အုပ်စု၏ ဆန္ဒထုတ်ဖော်မှုတစ်ခုကို တုံ့ပြန်သည့်တန်ပြန်ဆန္ဒပြပွဲ။
၂၀၁၇ ဧပြီလ ၁ ရက်နေ့၌ ဂေါ်တင်ငန်မြို့ ဝီလ်ဟန်ရင်ပြင် (Wilhelms Square) တွင် ပြုလုပ်ခဲ့သော လက်ယာစွန်းဝါဒီ “Freundeskreis Thüringen-Niedersachsen” (Thügida) အုပ်စု၏ ဆန္ဒထုတ်ဖော်မှုတစ်ခုကို တုံ့ပြန်သည့်တန်ပြန်ဆန္ဒပြပွဲ။ | ဓါတ်ပုံ : © picture alliance/dpa/Swen Pförtner
နိုင်ငံရေးတွင်လည်း ဂေါ်တင်ငန်မြို့သည် စိတ်လှုပ်ရှားစရာနေရာတစ်ခုအဖြစ် ရှိနေခဲ့သည်။ ၁၈၃၇ ခုနှစ်ကဲ့သို့အစောပိုင်းနှစ်များတွင် ဂေါ်တင်ငန်တက္ကသိုလ်မှပါမောက္ခများဖြင့်ဖွဲ့စည်းထားသော “ဂေါ်တင်ငန်ခုနှစ်ဖော်” အဖွဲ့သည် ဟန်နိုဗာဘုရင့်နိုင်ငံ၏အုပ်စိုးသူ အန်းနက်စ်ဩဂတ်စ်တက်စ် (Ernst August) က လစ်ဘရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၈၃၃ ခုနှစ်တွင်ဖျက်သိမ်းလိုက်သည့်အတွက် ဆန္ဒပြခဲ့ကြသည်။ နောင်တွင်နတ်သမီးပုံပြင်များဖြင့်ကမ္ဘာတစ်ဝှမ်းကျော်ကြားလာသူဂရင်းမ်ညီနောင်အပါအဝင် ပါမောက္ခခုနှစ်ဦးစလုံးသည် ရာထူးမှချက်ချင်းထုတ်ပယ်ခံခဲ့ရသကဲ့သို့ သုံးဦးသည်ပြည်နှင်ဒဏ်ပေးခြင်းပင်ခံခဲ့ရသည်။ ဟန်နိုဗာမြို့၊ ဗဟိုဘူတာရုံကြီး၏မျက်နှာစာတွင်  ဩဂတ်စ်တက်စ်ဘုရင်အတွက် အထိမ်းအမှတ်အဖြစ် မြင်းစီးရုပ်ထုစိုက်ထူကာဂုဏ်ပြုထားသည်။ ဂေါ်တင်ငန်မြို့ရှိ ရုပ်ထုတွင်မူ မြင်းစီးသူရဲကောင်း၊ ဘုရင့်အဆောင်အယောင်များနှင့်စီးမြင်းကိုထည့်သွင်းထားခြင်းမရှိပေ။ ဟန်နိုဗာမြို့ရှိ ရုပ်ထု၏ကျောက်စာတွင် “တိုင်းပြည်၏ဖခင်နှင့် သူ၏ သစ္စာရှိသောလူမျိုးအတွက်” ဟူ၍တွေ့မြင်ရမည်ဖြစ်ကာ ဂေါ်တင်ငန်မြို့တွင်မူ အောက်ခြေအုတ်မြစ်ပေါ်တွင် “တိုင်းပြည်၏ဖခင်နှင့် သူ၏ဂေါ်တင်ငန်ခုနှစ်ဖော်” ဟုရေးထွင်းထားပေသည်။ စာရေးဆရာ ဂန်တာဂရက်စ် (Gunter Grass) နှင့် ထုတ်ဝေသူ ဂဲဟက်စတီဒယ် (Gerhard Steidl) တို့သည် ခုနှစ်ဖော်အားဂုဏ်ပြုအောက်မေ့သောအားဖြင့် တက္ကသိုလ်ပရဝုဏ်အတွင်း၌ထားရှိရန် အထိမ်းအမှတ်ပန်းပုရုပ်ထုလုပ်စေခဲ့သည်။ ၁၉၈၀ ခုနှစ်များသို့ ရောက်လာသောအခါ ဂေါ်တင်ငန်မြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးလက်ဝဲယိမ်းလှုပ်ရှားမှုများအတွက် အမာခံနယ်မြေဖြစ်ခဲ့သည်။ ၎င်းတို့သည် ရဲတပ်ဖွဲ့နှင့်ဂျာမနီပြည်တွင်ထောက်လှမ်းရေးတပ်ဖွဲ့ ဖြစ်သော ဘွန်ဒစန့်မ် ဖာ ဖက်ဆန်ရှန့် (Bundesamt für Verfassungsschutz) အတွက်သာမက ဒေသတွင်း၌လှုပ်ရှားနေသော လယ်ယာစွန်းရောက်ဝါဒီတို့အတွက်ပါအရေးယူတုံ့ပြန်ရန် အချက်ပေးသကဲ့သို့ ဖြစ်ခဲ့ပြီး ဤမှတစ်ဆင့်ထိပ်တိုက်တွေ့ အကြမ်းဖက်မှုများဆီဦးတည်စေခဲ့သည်။ ယနေ့အချိန်ထိပင် ဂေါ်တင်ငန်မြို့တွင် လက်ဝဲယိမ်းတက်ကြွလှုပ်ရှားမှုများနှင့် လက်ယာစွန်းဝါဒီအုပ်စုများ၏ ဆန္ဒထုတ်ဖော်မှုများ၊  အချင်းချင်းတုံ့ပြန်သည့်တန်ပြန်ဆန္ဒပြပွဲများသည် ပုံမှန်ရှိနေဆဲဖြစ်သည်။ ဤသို့နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများကို အချို့ကဆူးငြှောင့်ခလုတ်အဖြစ် ရှုမြင်ကောင်းမြင်နိုင်သော်လည်း ၎င်းလှုပ်ရှားမှုများကပင် ဂေါ်တင်ငန်မြို့အား တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိနေစေပါသည်။ ဂေါ်တင်ငန်မြို့၌ ကျူးကျော်အိမ်ရာများရှိခဲ့သောကာလသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင်ကျန်ခဲ့ပြီဖြစ်သော်လည်း အချို့သောအိမ်များမှာမူ ယနေ့တိုင်လူနေထိုင်ဆဲဖြစ်သည်။ 

တက္ကသိုလ်၏ပြက္ခဒိန်အလိုက်ပျော်ရွှင်ဆင်နွှဲခြင်း

ဂေါ်တင်ငန်၏ နှလုံးစည်းချက်သည် တက္ကသိုလ်စာသင်နှစ်များနှင့် ကခုန်အသက်ဝင်လေ့ရှိပြီး ထိုအချက်အား ညအချိန်များတွင် ပိုမိုသတိပြုမိနိုင်ပါသည်။     ။ညနေအချိန် မြို့တော်ခန်းမဟောင်းနှင့် ဈေးရင်ပြင်။
ဂေါ်တင်ငန်၏ နှလုံးစည်းချက်သည် တက္ကသိုလ်စာသင်နှစ်များနှင့် ကခုန်အသက်ဝင်လေ့ရှိပြီး ထိုအချက်အား ညအချိန်များတွင် ပိုမိုသတိပြုမိနိုင်ပါသည်။ ။ညနေအချိန် မြို့တော်ခန်းမဟောင်းနှင့် ဈေးရင်ပြင်။ | ဓါတ်ပုံ : ©picture alliance/imageBROKER/Ernst Wrba
ဂေါ်တင်ငန်၏နှလုံးစည်းချက်သည် တက္ကသိုလ်စာသင်နှစ်များနှင့်ကခုန်အသက်ဝင်လေ့ရှိပြီး ထိုအချက်အား ညအချိန်များတွင်ပိုမိုသတိပြုမိနိုင်ပါသည်။ စာသင်နှစ်ဝက်ကျောင်းပိတ်ရက်များတွင် ပသာဒဖြစ်ကာလှပသောမြို့ဟောင်းလေးသည် တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသည်။ တစ်နှစ်လျှင် အနည်းဆုံးနှစ်ပတ်ခန့်ကြာမြင့်သည့် စာသင်နှစ်ဝက်အစကြိုဆိုပွဲများကျင်းပသောကာလများတွင်မူ မြို့သည်အလွန်ကြီးမား၍ဆူညံသောပါတီတစ်ခု အသွင် ပြောင်းသွားပေတော့သည်။ စီးပွါးရေးသိပ္ပံမဟာဌာနသည် ၎င်းတို့၏နာမည်ကျော် ဇက်ဂျီအိတ်ချ် (ZGH) ပါတီဟုခေါ်သော ဇန်ထရယ် ဟော်ဇယ်ကဘောင်ဒေး (Zentrales Hörsaalgebäude) သို့မဟုတ် ဗဟိုစာသင်ခန်းမအဆောက်အအုံပါတီကို ကျင်းပပေး၍ ထိုပါတီကို ဂျာမနီမြောက်ပိုင်းတွင် အကြီးကျယ်ဆုံးကျောင်းသားပါတီဟူ၍ ဂုဏ်ယူလေ့ရှိကြသည်။ စာသင်နှစ်အတွင်းတွင်လည်း ဘားအသေးစားများနှင့်အရက်ဆိုင်များတွင် အများအားဖြင့်လူပြည့်နေလေ့ရှိပြီး ထိုနေရာများတွင်ဝိုင်သောက်ရင်းစကားစမြည်ပြောဆိုနိုင်သကဲ့သို့  ကခုန်ခြင်းဖြင့်ညတာကိုကုန်ဆုံးနိုင်သောနည်းလမ်းပေါင်းများစွာလည်း ရှိပါသည်။ ရွက်ပုန်းသီးနေရာများအကြောင်းပြောပြရလျှင်မူ ဘွန်နာ (Börner) ရပ်ကွက်ရှိ ဒေါ့စ် (Dots) ဘားတွင်စင်တင်ဂီတဖျော်ဖြေမှုများရှိ၍ နွေရာသီတွင်ဆိုင်အပြင်ဘက်ဟင်းလင်းပြင်၌ထိုင်ကာ နားဆင်နိုင်ရန်ပြုလုပ်ပေးထားပါသည်။ ထပ်မံ၍ ဆိုရလျှင် သန်းနားစ် (Thanners) ဘားတွင်ဗုဒ္ဓဟူးနေ့တိုင်း၌ ရိုးရာ (Weizentag) ဝိုင်ဇန်တန် ခေါ် ဂျုံဘီယာနေ့ရှိပြီး ထိုဘားနှင့်ကပ်လျက်ရှိ ဝီလ်ဟန်းမ်စ် (Wilhelms) ရင်ပြင်တွင် ၎င်းရိုးရာကိုညနေတိုင်းလိုလိုတွေ့နိုင်ပါသည်။ အကယ်၍သင်သည် မျှော်လင့်ထားခြင်းမရှိဘဲဗိုက်ဆာလာလျှင်လည်း ယူရိုပစ် (Europic) ဘားသို့ ဝင်ကာ ရိုလို (rollo) ဟုဂျာမနီမြောက်ပိုင်းတွင်ခေါ်ကြသော ပေါင်မုန့်ပြားအားလိပ်ထားသောဆန်းဒွစ်ချ် သို့မဟုတ် ပို၍ပင်ဒဏ္ဍာရီတွင်သော ခါးဘက်မုန့်ကို အဲဖက်စ် (Efes) ဘားတွင် မြည်းစမ်းကြည့်နိုင်ပါသေးသည်။ ဤအဆာပြေမုန့်ဆိုင်သည် ကြယ်ငါးပွင့်ပေးရလောက်အောင်ကောင်းရုံမျှမက ၂၄ နာရီ၊ ၇ ရက်အချိန်ပြည့်နီးပါးလည်းဖွင့်ပေသည်။ ညဘက်၌အပြင်ထွက်လေ့ရှိသူများအနေဖြင့်မူ မိုးလင်းပေါက်ဖွင့်သော ဒယ်ဂျ (Deja)  ဟုအတိုကောက်ခေါ်သည့် ဒယ်ဂျဗူ (Deja Vu) ဘားသည် မရောက်မနေသွားသင့်သောနေရာတစ်ခုဖြစ်ကြောင်း သိထားသင့်ပါသည်။

ရုက္ခဗေဒဥယျာဉ်မှဂျင်တစ်ခွက်

Kiessee (ကျောက်စရစ်ခဲကန်) သည် အမြဲတစေ လူကြိုက်များပြီးလွယ်ကူစွာသွားလာနိုင်၍ အနီးအနားတွင်ရှိသောရေကန်လေးဖြစ်သည်။
Kiessee (ကျောက်စရစ်ခဲကန်) သည် အမြဲတစေ လူကြိုက်များပြီးလွယ်ကူစွာသွားလာနိုင်၍ အနီးအနားတွင်ရှိသောရေကန်လေးဖြစ်သည်။ | ဓါတ်ပုံ : © Adobe
သင်သည်အရက်နာကျနေပါက နောက်တစ်နေ့မနက်ခင်းတွင် မြို့ခံတပ်နံရံ သို့မဟုတ် မြို့ရိုးတစ်လျှောက်လမ်းလျှောက်ခြင်းသည် အရက်နာအတွက် အကောင်းဆုံးကုထုံးတစ်ခုဖြစ်သည်။ ဤသို့ အစိမ်းရောင်အိုအေစစ်ကလေးအား မြို့လယ်ခေါင်တစ်ခွင်ကိုပတ်ပတ်လည်ဝိုင်းရံထားသော အလယ်ခေတ်ရဲတိုက်၏ထိပ်၌ ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းသည် သမိုင်းဝင်ဂေါ်တင်ငန်မြို့အား လှည့်လည်ကြည့်ရှုနိုင်ရန် အကောင်းဆုံးလမ်းကြောင်းတစ်ခုဖြစ်ပြီး လမ်းတစ်လျှောက်တွင် သင့်အား ဒိုင်းချက်စ် (Deutsches) ပြဇာတ်ရုံ၊ စတက်ထ်ထဲလ် (Stadthalle) ဖျော်ဖြေပွဲခန်းမ၊ ချဲယ်တန်ဟမ်းမ် (Cheltenham) ပန်းခြံ၊ အိုဟောင်းနေပြီဖြစ်သော လူမြူးလ (Löhmühle) ကြိတ်ခွဲစက်၊ ဂရိုနာ (Groner) ဂိတ် နှင့်နောက်ဆုံးဖြစ်သော်လည်းမမေ့အပ်ဆုံးသောနေရာဖြစ်သည့် ရုက္ခဗေဒဥယျာဉ်များကိုဖြတ်သန်းကာ ခေါ်ဆောင်သွားပေလိမ့်မည်။ သာယာသောရာသီဥတုတွင် သမိုင်းဝင်ဖန်လုံစိုက်ပျိုးအိမ်များရှိရာ ၎င်းရုက္ခဗေဒဥယျာဉ်များသည် မြို့၏အလှပဆုံးနှင့်အတိတ်ဆိတ်ဆုံးနေရာများအနက် အပါအဝင်ဖြစ်သည်။ ၎င်းဖန်လုံအိမ်များသို့ဝင်ပေါက်သည် နီကိုလောင်းစ်ဘာဂါ (Nikolausberger) လမ်းရှိ မြို့နံရံနှင့်မြို့ရိုးအကြားတွင် ညပ်ကာတည်ရှိနေသောကြောင့် ဂရုတစိုက်ရှာဖွေရန်လိုအပ်သော်လည်း သင့်အနေဖြင့်ရှာဖွေရကျိုးနပ်ပါလိမ့်မည်။ အထူးသဖြင့် ဤဥယျာဉ်သို့အလည်တစ်ခေါက်သည် ဥယျာဉ်ထွက် ဆေးဖက်ဝင်အပင်များနှင့်ချက်လုပ်ထားသော ဂေါ်တင်ငန်ထွက်ဂျင်အရက်များကို တစ်ဝကြီးသောက်သုံးနိုင်ရန် အကောင်းဆုံးအကြောင်းပြချက်လည်းဖြစ်သည်။ အကယ်၍သင်သည် သက်တောင့်သက်သာရှိသောနေ့တစ်နေ့အား မြို့ပြင်ဘက်တွင်ကုန်ဆုံးရန် စိတ်ခံစားချက်ဖြစ်ပေါ်နေပါက ကျောက်သတ္ထုတွင်းဟောင်းမှရေကန်ဖြစ်လာသည့် မြို့၏တောင်ပိုင်းရှိ နာမည်ကျော်ဂေါ်တင်ငါကီဆေး (Göttiger Kiessee) ကန်သို့ သွားရောက်၍ လေကောင်းလေသန့်ရှူကာ လေ့ကျင့်ခန်းလုပ်ခြင်း၊ လက်လှော်လှေ သို့မဟုတ် ခြေနင်းလှေတို့ဖြင့် ကန်အတွင်းလေ့လာစူးစမ်းခြင်း၊ ထိုမှမဟုတ် ကမ်းစပ်ပေါ်၌စောင်လေးခင်းကာအနားယူဇိမ်ခံခြင်းများ ပြုလုပ်နိုင်ပေသည်။

 

ဂေါ်တင်ငန်တွင်ဟန်ဒယ်တစ်ခေတ်ပြန်လည်မွေးဖွားခြင်း

၂၀၁၉ ဟန်ဒယ်ပွဲတော် (Handel Festival) မှ Georg Friedrich Handel ၏ အိုပရာလက်ရာ “Rodrigo” တင်ဆက်မှု။
၂၀၁၉ ဟန်ဒယ်ပွဲတော် (Handel Festival) မှ Georg Friedrich Handel ၏ အိုပရာလက်ရာ “Rodrigo” တင်ဆက်မှု။ | ဓါတ်ပုံ : © Alciro Theodoro da Silva / Internationale Händelfestspiele
အနုပညာနှင့်ယဉ်ကျေးမှုတို့သည်လည်း ပညာရေးမြို့တော်တွင် အရေးပါသောကဏ္ဍတွင်ရှိသည်။ သာဓကဆိုရလျှင် ဂေါ်တင်ငါ ဟန်ဒယ် (Göttiger Handel) ပွဲတော်ကို နှစ်စဉ်မေလတွင်ကျင်းပလေ့ရှိကြသည်။ ဤတွင် ဟန်ဒယ် (Handel) ဟူသော အနုပညာရှင်အား အလေးပေးဖော်ပြရခြင်းအကြောင်းမှာ သူသည်ဂေါ်တင်ငန်မြို့တွင်နေထိုင်ခဲ့သော ဘာရော့ခ် (Baroque) ခေတ်၏တေးရေးဆရာတစ်ဦးဖြစ်သကဲ့သို့၊ သူ၏အနုပညာများ၊ ပို၍တိကျစွာဆိုရလျှင် စင်မြင့်ထက်တွင်တင်ဆက်ခဲ့သောလက်ရာများသည် ဤမြို့တွင်အနုပညာအားဖြင့် တစဖန်ပြန်လည်ရှင်သန်ကျော်ကြားခြင်းကိုကြုံတွေ့ဖြတ်သန်းခဲ့ရသောကြောင့်ဖြစ်သည်။ ဂီရော့ဖရီးဒရစ်ဟန်ဒယ် (Georg Friedrich Handel) ရေးသားခဲ့သော အော်ပရာပြဇာတ်များသည် ၁၉၂၀ ခုနှစ်တွင် ရိုဒယ်လင်ဒယ် (Rodelinde) ပြဇာတ်အား ဂေါ်တင်ငန်မြို့၌မော်ဒန်အသွင်ဖြင့်ပြန်လည်ထုတ်လုပ်ခြင်းမရှိခင်အထိ မေ့လျော့ခြင်းခံခဲ့ရပြီး နှစ်ပေါင်း (၂၀၀) ခန့် တိမ်မြှုပ်နေခဲ့သည်။ ၎င်းထုတ်လုပ်မှုသည်ကား အလွန်အောင်မြင်ခဲ့သဖြင့် နောက်ထပ်အကြိမ် (၁၀၀) ခန့်အထိ ဂျာမနီတစ်ဝှမ်းရှိအခြားစင်မြင့်များပေါ်တွင် ဖျော်ဖြေခွင့်ရရှိခဲ့သည်။ ယနေ့အချိန်တွင်မူ ဟန်ဒယ်သည် ဘာရော့ခေတ်၏အကျော်ကြားဆုံးအော်ပရာတေးရေးဆရာများထဲတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါသည်။ သို့ရာတွင် ဂေါ်တင်ငန်တက္ကသိုလ်သည် ပို၍ကျယ်ပြန့်နှံ့စပ်သောယဉ်ကျေးမှုပွဲတော်အမျိုးအစားများကို လွှမ်းခြုံထားနိုင်ပါသည်။ မေလအတွင်း၌ပင် ဌာနပေါင်းစုံမှပါမောက္ခများသည် နေရာအမျိုးမျိုးတွင်ဒီဂျေတီးလေ့ရှိကြသည်။ ဖရော့ဖ် အတ်ဒ် တန်းမ်တေဘယ် (Profs@Turntables) ပွဲတော်သည် တစ်နေရာမှတစ်နေရာသို့ကူးလူးသွားလာကာ မြို့၏အကကလပ်ရှုခင်းများကိုစူးစမ်းရန် အကောင်းဆုံးအခါအခွင့်ဖြစ်သည်။ တီအိတ်အိုပီ (ThOP) ဟုအတိုခေါ်သော ခွဲစိတ်ခန်းမအတွင်းရှိပြဇာတ်ရုံ၏စင်မြင့်သည် ထူးခြားသောအသွင်ဟန်ပန်နှင့်စင်မြင့်တစ်ခုဖြစ်သည်။ ခွဲစိတ်ခန်းဖြစ်ခဲ့သောခန်းမတစ်ခုအတွင်း၌ပင် တစ်နှစ်အတွင်း ဇာတ်အဖွဲ့တစ်ဖွဲ့လျှင် ပြဇာတ် (၁၂) ခုအထိ ကပြဖျော်ဖြေစေနိုင်သဖြင့် ၎င်းကို ဂျာမနီနိုင်ငံအတွင်းရှိအကြီးဆုံးတက္ကသိုလ်ပြဇာတ်ရုံအဖြစ် သတ်မှတ်ထားကြပေသည်။

နီကိုးလပ်စ် NIKOLAUS ပါတီမှ ဖိုင်ယာဇန်ငန်ဘိုလာ FEUERZANGENBOWLE ရုပ်ရှင်

ဘလူးဘယ်ရီဝိုင် “တစ်ငုံ” အတွက်လား။ လူပေါင်း ၈၀၀၀ ခန့် တက်ရောက်သော မင်းသားကြီး ဟိန့်ဇ်ရူဟာမန်း Heinz Rührmann ၏ဂန္ထဝင်ရုပ်ရှင် ဖိုင်ယာဇန်ငန်ဘိုလာ Feuerzangenbowle ပြသသည့် ဗဟိုစာသင်ခန်းမအဆောက်အအုံမှ နီကိုးလပ်စ်ပါတီ (Nikolaus Party)။
ဘလူးဘယ်ရီဝိုင် “တစ်ငုံ” အတွက်လား။ လူပေါင်း ၈၀၀၀ ခန့် တက်ရောက်သော မင်းသားကြီး ဟိန့်ဇ်ရူဟာမန်း Heinz Rührmann ၏ဂန္ထဝင်ရုပ်ရှင် ဖိုင်ယာဇန်ငန်ဘိုလာ Feuerzangenbowle ပြသသည့် ဗဟိုစာသင်ခန်းမအဆောက်အအုံမှ နီကိုးလပ်စ်ပါတီ (Nikolaus Party)။ | ဓါတ်ပုံ : © picture alliance / United Archives | United Archives/Impress
သမိုင်းဝင်မြို့လယ်ခေါင်တွင်တမူထူးခြားသည့်ခရစ်စမတ်စျေးပွဲတော်ကျင်းပလေ့ရှိသောဒီဇင်ဘာလဆန်းသည် ဂေါ်တင်ငန်မြို့၏အစည်ကားဆုံး ပွဲတော်ရာသီတစ်ခုဖြစ်သည်။ မြို့တော်ခန်းမအဟောင်းအနောက်ရှိဆိုင်ခန်းလေးများသည် သက်တောင့်သက်သာနွေးနွေးထွေးထွေးရှိလှပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဘားရှိစားပွဲဝိုင်းပတ်ပတ်လည်တွင်ဝိုင်းဖွဲ့၍ ကောက်ရိုးဆွေးများပေါ် မတ်တပ်ရပ်ကာ နာမည်ကျော်ရမ်ဖြင့်စိမ်ထားသော ချယ်ရီသီး၊ အမွှေးအကြိုင်တို့ဖြင့်အပူပေးချက်လုပ်ထားသောဝိုင်အရက်များကို သောက်သုံးနိုင်ပေသည်။ ဂေါ်တင်ငန်မြို့တွင်နေထိုင်ခဲ့ဖူးသူမှန်သမျှသည် ဤခရစ်စျေးပွဲတော်အားလာရောက်လည်ပတ်ရန်အကြောင်းပြချက်သပ်သပ်ဖြင့် ဂျာမနီအတွင်းမည်သည့်နေရာရောက်နေသည်ဖြစ်စေ၊ အနယ်နယ်အရပ်ရပ်မှမြို့သို့ပြန်လာလေ့ရှိကြသည်။ ထို့နောက်တွင်ကျင်းပသည်ကတော့ ဇက်ဂျီအိတ်ချ်ခန်းမရှိ နာမည်ကျော်စိန့်နီကိုးလပ်စ်ပါတီဖြစ်သည်။ စိန့်နီကိုးလပ်စ်နေ့ဖြစ်သော ဒီဇင်ဘာ (၆) ရက်နေ့နှင့်အနီးဆုံးစနေနေ့တွင် မြို့၏အကျော်ကြားဆုံးပွဲတော်များအနက်အပါအဝင်ဖြစ်သော ၎င်းပွဲတော်ကြီးကို ဂေါ်တင်ငန်တက္ကသိုလ်၏ဗဟိုစာသင်ခန်းမအဆောက်အအုံ၌ ကျင်းပလေ့ရှိသည်။ လူပေါင်း ၈၀၀၀ ခန့် နှစ်စဉ်လာရောက်အားပေးကြပြီး အစဉ်အလာအဖြစ် မင်းသားကြီး ဟိန့်ဇ်ရူဟာမန်း (Heinz Rührmann) ၏ဂန္ထဝင်ရုပ်ရှင် ဖိုင်ယာဇန်ငန်ဘိုလာ (Feuerzangenbowle) ကိုပြသခြင်းဖြင့် ညနေခင်းကိုစတင်လေ့ရှိသည်။ ကြိုတင်သိထားရမည်အချက်မှာ ဤတွင်ဇာတ်သုံးအသုံးအဆောင်များအပါအဝင်ပြသသောဇာတ်များသည် ပရိသတ်ကိုယ်တိုင်နှင့်ပတ်သက်ထိတွေ့မှုရှိပြီး အဓိကအားဖြင့် ဓာတ်ခွဲခန်းသုံးဖန်ခွက်များတွင်ထည့်ထားသောစပါကလာ (sparklers) ကော့တ်တေး၊ ဘဲလ်စ် (bells) ဝီစကီ၊ စချ်နပ် (schnapps) အရက်ဖြူများကို အနည်းငယ်စီသောက်ရခြင်း စသည့်အစီအစဉ်များပါဝင်သည်။ ပထမဆုံးအကြိမ်ရောက်ဖူးသူများသည်လည်း မည်သည့်အချိန်တွင်မည်သည့်ပစ္စည်းအသုံးချ၍ လိုက်ပါစီးမျောရမည်ကို အလွယ်တကူနားလည်လေ့ရှိပြီး ကပြဖျော်ဖြေနေသော ဓာတုဗေဒကျောင်းသားကခွက်မြှောက်၍ “ဘလူးဘယ်ရီဝိုင်တစ်ငုံ” ဟုဆိုလိုက်လျှင် ရင်းနှီးချစ်ခင်စွာကောင်းချီးပေးခြင်းအမှုကို ပြုကြပါသည်။ ဂေါ်တင်ငန်ဆင်ဖိုနီအော်ပရာအဖွဲ့သည်ပင်လျှင် ရာဒက်စကုမာ့ချ် (Radetzky March) သို့မဟုတ် ကန်-ကန် (can-can) စသောသီချင်းများဖျော်ဖြေချိန်တွင် နားဆင်သူများအားလိုက်ပါကခုန်စီးမျောရန်ဖိတ်ခေါ်တတ်ပါသည်။ အကယ်၍ သင်သည် ခရစ်စမတ်အကြိုကာလများတွင် ဂေါ်တင်ငန်မြို့သို့မသွားနိုင်ခဲ့ပါကလည်း အိမ်တွင်လုပ်ကြည့်ရန် ရူပဗေဒစမ်းသပ်မှုများကို ခရစ်စမတ်မရောက်မီအထိနေ့စဥ်ကြံဆဖော်ထုတ်ပေးသည့် “ခရစ်စမတ်အကြို စမ်းသပ်မှု (၂၄) ခု” အွန်လိုင်း ခရစ်စမတ် ထွန်းပြက္ခဒိန်ရေတွက်ခြင်းတွင် ပါဝင်နိုင်ပါသေးသည်။

အာကာသတစ်လျှောက်လမ်းလျှောက်ခြင်း

ဂြိုလ်လမ်းကြောင်း (Planet Path) က တက္ကသိုလ်ကို ဂေါ်တင်ငန်၏သမိုင်းဝင်မြို့လယ်ဗဟိုသို့ ယူဆောင်သွားသည်။
ဂြိုလ်လမ်းကြောင်း (Planet Path) က တက္ကသိုလ်ကို ဂေါ်တင်ငန်၏သမိုင်းဝင်မြို့လယ်ဗဟိုသို့ ယူဆောင်သွားသည်။ | ဓါတ်ပုံ : © picture alliance/Kurt Amthor/imageBROKER
သင့်အနေဖြင့် ဂေါ်တင်ငန်မြို့တွင်ကြယ်ဂြိုလ်များဆီသို့ခရီးထွက်နိုင်ပြီး နေ့ဘက်သွားလျှင်မူ အကောင်းဆုံးအတွေ့အကြုံများကိုပါခံစားနိုင်မည်ဖြစ်ပါသည်။ ဘူတာရုံမှမြို့လယ်ခေါင်ဆီသို့ ဦးတည်ကာလျှောက်သွားလျှင် လမ်းတစ်လျှောက်၌ ဂြိုလ်ပုံစံငယ်များအား စီတန်းကာပြသထားသောလမ်းဖြစ်သည့် ဂြိုလ်လမ်းကြောင်းဟုခေါ်သောလမ်းပေါ်သို့ သင့်အနေဖြင့်ရောက်သွားသည်ကို တွေ့ရပါလိမ့်မည်။ နေအဖွဲ့အစည်းတွင်ပါဝင်သောဂြိုလ်ကြီးရှစ်လုံးကို လက်တွေ့စကေးနှင့်ထပ်တူ ပုံစံငယ်စကေးချကာ ကြေးတိုင်များပေါ်တွင်ပြသထားသည်။ ထိုသို့ပြသထားရာတွင် ကမ္ဘာဂြိုလ်ပုံစံငယ်၏အချင်းသည် ၆.၅ မီလီမီတာသာရှိသော်လည်း နေပုံစံငယ်၏အချင်းကိုမူ ၇၀ စင်တီမီတာအထိ ကြီးမားစွာပြုလုပ်ထားပါသည်။ တစ်ကီလိုမီတာခန့် ဂြိုလ်လမ်းကြောင်းလမ်းသည် လက်တွေ့ အာကာသရှိ ကီလိုမီတာသန်း ၂၀၀၀ အကွာအဝေးကို ကိုယ်စားပြုပါသည်။ နေအဖွဲ့အစည်းတစ်ပတ် အကောင်းဆုံး အတွေ့အကြုံကိုရရှိခံစားလိုပါက နေပုံစံငယ်ရှိရာ ဂိုသီအယ်လီ (Goethealle) လမ်းနှင့် အန်ထယ်ရီ မက်ရှိ စတွာစာ (Untere-Masch-Straße) လမ်းထောင့်မှစထွက်၍ သီရေတာပလတ်ဇ် (Theaterplatz) လမ်းပေါ်ရှိ ဆေတန်ဂြိုလ်၊ ထို့နောက် မြို့ရိုးတစ်လျှောက်လမ်းကြောင်းအတိုင်း ဘစ်စ်မာ့ခ် (Bismarck) တာဝါရှိ နက်ပကျွန်းဂြိုလ်၊ စသည်ဖြင့်လျှောက်သွားနိုင်ပါသည်။ ပလူတိုဂြိုလ်ကိုပင် နေအဖွဲ့အစည်းသုတေသန်ဆိုင်ရာ မက်စ်ပလန့်ခ် (Max Planck) အင်စတီကျူဘေးတွင်တွေ့နိုင်ပြီး ၎င်းဂြိုလ်ပုလေးသည် ဂိုသီအယ်လီလမ်းထောင့်ရှိနေအဖွဲ့အစည်း၏ဗဟိုချက်မမှ ၆ ကီလိုမီတာခန့်အကွာအဝေးတွင် တည်ရှိနေပါသည်။ 

ဆောင်းဦးစာပေပွဲတော်

၂၀၂၀ ဆောင်းဦးစာပေပွဲတော်မှ ဂီတပညာရှင် Achim Reichel
၂၀၂၀ ဆောင်းဦးစာပေပွဲတော်မှ ဂီတပညာရှင် Achim Reichel | ဓါတ်ပုံ : © Göttinger Literaturherbst
စာရေးဆရာများဖြစ်သော မက်ဇ်ဂိုးလ် (Max Goldt) နှင့် ဒိုးရစ်စ် ဒိုရီ (Doris Dörrie) တို့သည် လစ်တာဟာတူးဟဇ် (Literaturherbst) ခေါ် ဆောင်းဦးစာပေပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ပထမဆုံးအကြိမ်ပြုလုပ်ကျင်းပစဉ်က ၎င်းပွဲတော်သည် နောင်ဆယ်စုနှစ်များစွာတည်တံ့နေမည့်ပွဲတော်အစဉ်အလာတစ်ခု၏နိဒါန်းဖြစ်မည်ဟု ထိုစာရေးဆရာများအနေဖြင့်သိခဲ့မည်မဟုတ်ပေ။ ပွဲတော်၏ပထမအကြိမ်၌ ဂျာမန်စာရေးဆရာများသာ အများဆုံးပါဝင်ခဲ့သော်လည်း နောက်တစ်နှစ်မှစ၍ နိုင်ငံတကာမှစာရေးဆရာများရောက်ရှိလာခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစတင်ကာ လစ်တာဟာတူးဟဇ်ပွဲတော်ကို ဆယ်ရယ်တိုင်တိုင်စီစဉ်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက်ရောက်သူ ၂၀,၀၀၀ နီးပါးအားဆွဲဆောင်နိုင်ခဲ့ပါသည်။ စာရေးဆရာများ၏သုတနှင့်ရသ၊ မောဒန်စာပေရွတ်ဆိုပွဲများကို ဂေါ်တင်ငန်မြို့ရှိသမိုင်းဝင်နေရာများတွင်ကျင်းပလေ့ရှိပြီး အနုပညာတင်ဆက်မှုများ၊ တေးဂီတသီချင်းများနှင့် အခြားဖျော်ဖြေမှုများလည်းပါဝင်ပါသည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင်မူ ပညာရေးဆိုင်ရာဟောပြောပွဲများအား ထည့်သွင်းခဲ့ပါသည်။ မက်ဇ်ပလန့်ခ် (Max Planck) အင်စတီကျုသည်လည်း ဆောင်းဦးစာပေပွဲတော်တွင်လက်တွဲပါဝင်ကာ သိပ္ပံပညာရှင်များအတွက် သိပ္ပံထိတွေ့ပေးနိုင်မှုဆုကို ချီးမြှင့်လျက်ရှိပါသည်။ ယင်းဆုသည် ရှာဖွေတွေ့ရှိမှုများကို အများပြည်သူလက်တွေ့ထိတွေ့နိုင်ရန် ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့သောသိပ္ပံပညာရှင်များအား ပေးအပ်ခြင်းဖြစ်ပါသည်။

သင်အဓိပ္ပါယ်ဖော်နိုင်လား။

ညစဉ် လေဆာအလင်းတန်းက ပထမဦးဆုံးလျှပ်စစ်သံလိုက်အပ်ကြေးနန်း Gauss-Weber ဖြင့်သဲလွန်စရှာရသောလမ်းကြောင်း၏အသိပေးချက်တစ်ခုအဖြစ်ဖော်ပြနေပြီး ဝှက်စာသတင်းစာတိုတစ်ခုကိုထုတ်လွှင့်ပေးသည်။
ညစဉ် လေဆာအလင်းတန်းက ပထမဦးဆုံးလျှပ်စစ်သံလိုက်အပ်ကြေးနန်း Gauss-Weber ဖြင့်သဲလွန်စရှာရသောလမ်းကြောင်း၏အသိပေးချက်တစ်ခုအဖြစ်ဖော်ပြနေပြီး ဝှက်စာသတင်းစာတိုတစ်ခုကိုထုတ်လွှင့်ပေးသည်။ | ဓါတ်ပုံ : © Wolfgang Beisert
ဂေါ်တင်ငန်မြို့ခံများနှင့် အလည်လာသူများအနေဖြင့် ညနေစောင်းများတွင် ကောင်းကင်ယံပေါ်ရှိအစိမ်းရောင်လေဆာတန်းများကို သတိပြုမိမည်ဖြစ်ပါသည်။ အနည်းငယ်သောလူများကမူ ထိုလေဆာတန်းများနောက်ကွယ်ရှိလျှို့ဝှက်ချက်ကို သိကောင်းသိနိုင်ပါလိမ့်မည်။ ဝီဘာ- ဂေါ့စ် (Gauss-Weber) ကြေးနန်းကိုဂုဏ်ပြုသည့်အနေဖြင့် လစဉ်လတိုင်း လေဆာန်းမှအဓိပ္ပာယ်ဝှက်ထားသည့်မက်ဆေ့ချ်အသစ်အား ထုတ်လွှင့်လေ့ရှိသည်။ ၎င်းကြေးနန်းသည် ၁၈၃၃ ခုနှစ်တွင် ကားလ်ဖရက်ဒရစ်ချ်ဂေါ့စ် (Carl Friedrich Gauss) နှင့် ဝီလ်ဟမ်းဝီဘာ (Wilhelm Weber) တို့က ကြေးနန်းကြိုးဖြင့်မက်ဆေ့ချ်များကို အောင်မြင်စွာထုတ်လွှင့်နိုင်ရန်အသုံးပြုခဲ့သောပထမဆုံးလျှပ်စစ်သံလိုက်ကြေးနန်းလိုင်းများဖြစ်သည်။ ယနေ့အချိန်ထိပင် ဖက်စ်ပေးပို့ခြင်းနှင့် လက်ငင်းစာတိုပေးပို့ခြင်းစနစ်များနှင့် ဂျီပီအက်စ်တည်နေရာရှာဖွေခြင်းတွင် အဆိုပါနည်းပညာကို အသုံးပြုနေကြဆဲဖြစ်သည်။ ညနေနေဝင်ပြီး နှစ်နာရီခန့်တွင်  နက္ခတာရာကြည့်မျှော်စင်ဟောင်းလေးမှမြို့ပေါ်သို့ဖြတ်၍ စိန့်ဂျွန်းစ် (St. John’s) ချာ့ချ်ဘုရားကျောင်းဆီသို့  နှစ်နာရီကြာ ညနေတိုင်းထုတ်လွှင့်လေ့ရှိသည်။ လစဉ် မော့စ် (Morse) အချက်ပြသင်္ကေတ၏ရှေ့ပြေးဖြစ်သည့် ဂေါ့စ်-ဝီဘာအချက်ပြသင်္ကေတဖြင့်ဖော်ပြထားသောမက်ဆေ့ချ်အသစ်ကို အလင်းတန်းများအသုံးပြု၍ ကောင်းကင်ပေါ်သို့ရေးတင်ထုတ်လွှင့်လေ့ရှိသည်။ ဤအချက်ပြမက်ဆေ့ချ်အားဖတ်ရှုနားလည်လိုပါက သင့်အနေဖြင့်အချက်သင်္ကေတအကြောင်းကို အွန်လိုင်းပေါ်တွင်လေ့လာကာ ယခင်လမက်ဆေ့ချ်များအတွက်အဖြေကို ကြည့်ရှုနိုင်ပေသည်။
 

မြို့ပြလမ်းညွှန်မြေပုံ

 
ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကိုမြို့တော်၏ကောက်ကြောင်းထက်မှ အစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကိုပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။