မြို့ပြလမ်းညွှန်။ ။Frankfurt
မြင့်တက်လာသောမြို့ပြကောင်းကင်ယံမှသည်ကမ္ဘာ့မြေပြင်အလွှာအသီးသီးရှိဖန်တီးမှုများဆီသို့။

ဝိရောဓိများနှင့်မြို့ ။     ။ ဥရောပဗဟိုဘဏ်၏ဘေးတစ်ဖက်ရှိ စကိတ်ပန်းခြံ။
ဝိရောဓိများနှင့်မြို့ ။ ။ ဥရောပဗဟိုဘဏ်၏ဘေးတစ်ဖက်ရှိ စကိတ်ပန်းခြံ။ | ဓါတ်ပုံ : © picture alliance / Westend61 / Martin Moxter

အကောင်းတကာ့အကောင်းဆုံးဟူသော ဂုဏ်သတင်းကိုသာမမွေ့လျော်ဘဲ ဖရန့်ခ်ဖွတ် (Frankfurt) မြို့သည် ၎င်း၏ဘဏ်လုပ်ငန်းရပ်ကွက်၊ အဓိကနိုင်ငံတကာလေဆိပ်ကြီး၊ မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားသုံးစွဲရာနေရာများနှင့် လိင်အပျော်အပါးရပ်ကွက်များ (Red Light District) များဖြင့်ကျော်ကြားလျှက်ရှိသည်။ ထိုသို့သောအရာများဖြင့်ကျော်ကြားနေလင့်ကစား အချို့သောသူများမှာ ဤမြို့ကလေးကိုမိမိတို့အိမ်အဖြစ် ရွှေ့ပြောင်းအခြေချလိုသူများလည်းရှိပေသည်။ ဤသို့ရွှေ့ပြောင်းလာသူထဲမှအများစုမှာ ဤမြို့ကလေးမှပြန်လည်မထွက်ခွာလိုကြတော့ချေ။ ကျွန်ုပ်တို့၏စာရေးသူ Eva-Maria-Verfürth ကမူ ထိုအမြင်ဆိုးများကိုကျော်လွန်၍ ဂျာမနီနိုင်ငံ၏ငွေရေးကြေးရေးဆိုင်ရာအချက်အချာကျရာနေရာလေးဖြစ်သည့် ဤမြို့ကလေးကို မည်သို့သောအရာများက သက်ဝင်လှုပ်ရှားနှစ်လိုဖွယ်ကောင်းစေကြောင်း ပြသလို၍ရေးဖွဲ့ထားသည်။

ရေးသားသူ​ Eva-Maria-Verfurth

မိုးမျှော်တိုက်ကြီးများနှင့်အိမ်ခြေယာခြေများအကြားအားပြိုင်မှု။

ဖရန့်ခ်ဖွတ်၏မြို့ပြကောင်းကင်ယံမြင်ကွင်းသည် မြို့တော်၏ထူးခြားချက်ပင်ဖြစ်သည်။
ဖရန့်ခ်ဖွတ်၏မြို့ပြကောင်းကင်ယံမြင်ကွင်းသည် မြို့တော်၏ထူးခြားချက်ပင်ဖြစ်သည်။ | ဓါတ်ပုံ : © Adobe
အမေရိကန်ပြည်ထောင်စုမှပြည်သူများအဖို့အားကျစဖွယ်မကောင်းလှသော်လည်း ဖရန့်ခ်ဖွတ်မြို့၏မိုးမျှော်တိုက်ကြီးများမှဖော်ကြူးထားသော ၎င်းမြို့လေး၏မြို့ပြကောင်းကင်ယံအလှမှာ ဂျာမနီနိုင်ငံအဖို့တမူထူးခြားလှသည်။ နိုင်ငံတဝှမ်းတွင် မိုးမျှော်တိုက်ပေါင်း (၁၈) ခုရှိသည့်အနက် (၁၇) ခုမှာဖရန့်ခ်ဖွတ်မြို့တွင်တည်ရှိနေပြီး အမြင့်မီတာ၁၀၀ကျော်ရှိသည့်တိုက်ပေါင်း (၃၀) ကျော်မှာလည်း ဤမြို့၌ပင်ဆောက်လုပ်ထားလျက်ရှိသည်။ စတီးလ်နှင့်မှန်ချပ်ကြီးများအသုံးပြု၍ဆောက်လုပ်ထားသောတိုက်တာအဆောက်အဦးကြီးများမှာ ဘဏ်များ၊ အာမခံကုမ္ပဏီများနှင့် လုပ်ငန်းအကြံပေးကုမ္ပဏီလုပ်ငန်းစုကြီးများအတွက် ရုံးခန်းများ ငှားရမ်းနိုင်ရန်နေရာများဖော်ဆောင်ထားပေးလျက်ရှိသည်။ ထို့အတွက်ကြောင့် အော်ပရာကဇာတ်ရုံ (Opera House) နှင့်ဗဟိုမီးရထားဘူတာကြီးကြားရှိနေရာများကို ဘဏ်လုပ်ငန်းရပ်ကွက်ဟုခေါ်စမှတ်ပြုကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျာမနီနိုင်ငံ၏ငွေရေးကြေးရေးအချက်အချာကျရာနေရာကို ဘာလင်မြို့မှဖရန့်ခ်ဖွတ်မြို့သို့ ရွှေ့ပြောင်းလာခြင်းမှအစပြု၍ တစ်စတစ်စကြီးထွားလာခဲ့သည်။ ထိုသို့ကြီးထွားလာသည်မှာ ယခုဆိုလျှင် ဤနေရာ၌ပြည်တွင်းပြည်ပဘဏ်ပေါင်း (၃၀၀) ကျော်ဖြင့် ဥရောပ၏အရေးပါဆုံးသောငွေကြေးဆိုင်ရာအချက်အချာကျရာရောများထဲမှတစ်ခုဖြစ်လာသည်။ ရှေးဟောင်းအဆောက်အအုံများရှိရာနေရာ၌ ကွန်ကရစ်အဆောက်အဦးများလက်ရှိအခြေအနေထက်မတိုးပွားလာရခြင်းမှာ ဖရန့်ခ်ဖွတ်ဒေသခံများ၏အတိုက်အခံဆန္ဒပြုခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များက ဖရန့်ခ်ဖွတ်ဝက်စ်အန်းဒ် (Frankfurt Westend) ရှိ အခြေချနေထိုင်သူများမဖယ်ရှားရေးနှင့် လူနေထိုင်လျက်ရှိသောသမိုင်းဝင်ရှေးဟောင်းအဆောက်အအုံများဖြိုဖျက်ချခြင်းမှကင်းဝေးစေရေးတို့အတွက် ဒေသခံများအတူတကွပူးပေါင်း၍ဆန္ဒထုတ်ဖော်ပွဲကြီးများဆင်နွှဲခဲ့ကြသည်။ ရဲတပ်ဖွဲ့များနှင့်လည်း ခိုက်ရန်ဖြစ်ပွားမှုများလည်းရှိခဲ့သည်။ ရပ်ရွာအခြေပြုအတိုက်အခံလှုပ်ရှားမှုသည်လည်း ဖရန့်ခ်ဖွတ်မြို့၏မြို့ပြအိမ်ခြေယာခြေတိုက်ပွဲအဖြစ် ဂျာမနီတွင်သမိုင်းတွင်ခဲ့သည်။ ထိုလှုပ်ရှားမှုမှာအောင်မြင်မှုရရှိခဲ့ပြီး ရှေးဟောင်းအဆောက်အအုံများစွာကိုလည်းကယ်တင်နိုင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၉၈၀ ပြည့်နှစ်အလွန်ကာလများ၊ ၁၉၉၀  ပြည့်နှစ်အလွန်ကာလများတွင် တစ်ဟုန်ထိုးရေပန်းစားခဲ့သော မိုးမျှော်တိုက်ကြီးများဆောက်လုပ်ခြင်းလုပ်ငန်းများအဖို့ မြို့တွင်းရှိဘလောက်အနည်းငယ်တွင်သာ ဆောက်လုပ်ခွင့်ရရှိခဲ့သည်။ အခြားတစ်ဖက်တွင်မူ ဆန့်ကျင်သူများသည် ၎င်းတို့​၏ပြဿနာများကိုပိုမိုဆိုးရွားစေသည့် ငုပ်လျှိုးနေသောပြဿနာများကိုဖြေရှင်းနိုင်ရန်အောင်မြင်မှုနည်းပါးနေဆဲဖြစ်သည်။ အိမ်ခြံမြေဈေးကွက်ကစားခြင်း၊ မြို့ပြအိမ်ယာဖွံ့ဖြိုးမှုစီမံချက်များ၊ အကြီးစားပြင်ဆင်နိင်ရန် လက်ရှိငှားရမ်းထားသူများအားဖယ်ရှားခြင်း အစရှိသောအရာများသည် ယနေ့မြို့တော်အဖို့ အရေးတကြီးဖြေရှင်းရန်လိုအပ်သောအကြောင်းအရာများအဖြစ် ရှိနေဆဲဖြစ်သည်။

လိင်အပျော်အပါးရပ်ကွက်များအကြား ကလပ်တက်ခြင်း။

အထက်ပိုင်းတွင်အနီရောင်အလင်းများဖြင့် မြေညီထပ်မှစားသောက်ဆိုင်နှင့် ကလပ်မြင်ကွင်းများ။    ။ ဗဟိုဘူတာကြီးဝန်းကျင်မှ Bahnshofsviertel (ဘူတာရုံရပ်ကွက်) သည် အမျိုးမျိုးသောစိတ်ဝင်စားဖွယ်များဖြင့် လူအများကိုဆွဲဆောင်လျှက်ရှိသည်။
အထက်ပိုင်းတွင်အနီရောင်အလင်းများဖြင့် မြေညီထပ်မှစားသောက်ဆိုင်နှင့် ကလပ်မြင်ကွင်းများ။ ။ ဗဟိုဘူတာကြီးဝန်းကျင်မှ Bahnshofsviertel (ဘူတာရုံရပ်ကွက်) သည် အမျိုးမျိုးသောစိတ်ဝင်စားဖွယ်များဖြင့် လူအများကိုဆွဲဆောင်လျှက်ရှိသည်။ | ဓါတ်ပုံ : Boris Roessler © picture alliance / dpa
ဘူတာကြီး၏ပတ်ဝန်းကျင်တစ်ခုဖြစ်သော Bahnhofsviertel သည်မြို့ပြ၏အမည်းစက်တစ်ခုအဖြစ်ရှိနေသည်။ ဘဏ်လုပ်ငန်းများရှိရာအဆောက်အအုံများမှတောက်ပသောအလင်းရောင်များဖြာကျရာမှထွက်ပေါ်လာသောအရိပ်ကွက်များအောက်တွင် မြို့၏အမှောင်ထုကြီးစိုးသော မြို့ကျက်သရေနှင့်မလျော်ညီသော အရာများကနေရာယူထားသည်။ ထိုနေရာများမှာ ဈေးသက်သာသောအရက်ဆိုင်များ၊ မတ်တဒုံး (Methadone) မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားရာနေရာများပါဝင်သော လိင်အပျော်အပါးရပ်ကွက်များ (Red Light District) ဖြစ်သည်။ အကယ်၍ဘူတာရုံမှထွက်ပေါက်မှားထွက်မိပါက နောက်တစ်ကြိမ်ဆေးသုံးရမည့် အခွင့်အရေးကိုစောင့်ဆိုင်းနေသောဆေးသမားများအကြားဖြတ်လျှောက်သွားနေရသည်ကို သတိထားမိလာပါလိမ့်မည်။ ရာစုနှစ်တစ်ခုကျော်လောက်က ပဲရစ်မြို့ကိုစံပြုလျှက်တည်ဆောက်ထားသော ဤပတ်ဝန်းကျင်နေရာလေးမှာ ယခုအခါတွင်သိသိသာသာနိမ့်ကျသွားသည်ကိုတွေ့နိုင်ပါသည်။ သို့သော် မကြာသေးသောနှစ်များက ဤနေရာလေးသည်ပင် မြို့ကိုအထင်ကရဖြစ်စေသော၊ အခြားသောကောင်းမွန်သည့်အရာများနှင့်ပြည့်နှက်လျက်ရှိသောနေရာလေးဖြစ်လာသည်။ ထိုနေရာကလေးတွင် ဖရန့်ခ်ဖွတ်မြို့၏အိန္ဒိယပုံစံဈေးဝယ်စင်တာကြီးများ၊ ပါရှားမုန့်ဈေးတန်းများ၊ ပါကစ္စတန်ကုန်စုံဆိုင်များ၊ အီသီယိုးပီယားစားသောက်ဆိုင်များနှင့် လမ်းထောင့်ရှိဂျာမန်အရက်ဆိုင်များကို တစ်နေရာတည်းတွင်နိုင်ငံတကာမှဆိုင်များအတူယှဉ်တွဲဖွင့်လှစ်ရောင်းချနေလျက်ရှိကြောင်းတွေ့နိုင်ပါသည်။ ဆန်းပြားသောအဝတ်အစားများဝတ်ဆင်လျှက် လွတ်လပ်မှုကိုခုံမင်သောလူငယ်အများစုထိုင်လေ့ရှိသော ဟစ်ပ်စတာဘားများ၊ ခေတ်ပေါ်အီလက်ထရောနစ်ဂီတများဖြင့်ဖွင့်လှစ်ထားသောကလပ်များမှာလည်း ဤနေရာတွင်တစ်စတစ်စတွေ့လာရပြီဖြစ်သည်။ သူစိမ်းတစ်ယောက်ယောက်နှင့် နေ့ညမရွေးစကားဖောင်ဖွဲ့ပြောဆိုနိုင်သော Moseleck ရှိ ထူးခြားသော Bahnhofsviertel အဟောင်းသို့ တစ်ခါလောက်သွားရောက်လေ့လာခြင်းကလည်းလေ့လာရကျိုးနပ်သည်ဟုဆိုနိုင်ပါသည်။ ညနေပိုင်းတွင်ဘီယာဝယ်ရန်လာသောပါတီလူစုလူဝေးကြီးကိုလည်း Yok Yok ကုန်စုံဆိုင်လေး၌ တက်ကြွသောလေထုပတ်ဝန်းကျင်ဖြင့် တွေ့နိုင်ပါသည်။ အကဖိနပ်များစီးလျှက် Planck သို့မဟုတ် Pracht သို့သွားရောက်၍ ဟောက်စ်တေးဂီတဖြင့်ကခုန်ခြင်း၊ တစ်ချိန်ကအဖော်အချွတ်ကလပ်အဖြစ်ရပ်တည်ခဲ့သော Pik Dame တွင် အနီရောင်ကတ္တီပါသားမွေးများခင်းထားသောစားပွဲခုံများပေါ်၌ ကခုန်နေသောမိန်းကလေးငယ်များရှိရာ သို့မဟုတ် Orange Peel သို့သွားရောက်၍ အသက်၂၀ကျော်အရွယ်ကခံစားဖူးသည့် အတိတ်ကအကြောင်းများကိုသွားရောက်ခံစားနိုင်သည်။

မြို့၏ပျော်ရွှင်ဖွယ်ရာနေရာများအကြားလှည့်ပတ်သွားလာခြင်း။

ဖရန့်ခ်ဖွတ်မြို့အတွင်းပိုင်းသည် စိမ်းလန်းလျှက်ရှိနေပြီး အဝေးကလှမ်းမြင်ရသော အဆောက်အဦးများ၏ ထိပ်ပိုင်းကသာလျှင် ဘဏ္ဍာရေးအချက်အချာတစ်ခုဖြစ်သော သူ၏ဘွဲ့ထူးကို အသိပေးနေသယောင်ပင်ဖြစ်သည်။
ဖရန့်ခ်ဖွတ်မြို့အတွင်းပိုင်းသည် စိမ်းလန်းလျှက်ရှိနေပြီး အဝေးကလှမ်းမြင်ရသော အဆောက်အဦးများ၏ ထိပ်ပိုင်းကသာလျှင် ဘဏ္ဍာရေးအချက်အချာတစ်ခုဖြစ်သော သူ၏ဘွဲ့ထူးကို အသိပေးနေသယောင်ပင်ဖြစ်သည်။ | ဓါတ်ပုံ : J.W. Alker © picture alliance
လူဦးရေ ၇၅၀,၀၀၀ ခန့်မျှရှိသော ဖရန့်(ခ်)ဖွတ်မြို့လေးသည် အရေးပါသောအပြည်ပြည်ဆိုင်ရာငွေကြေးဗဟိုချက်တစ်ခုအနေဖြင့်  ထူးခြားစွာသေးငယ်သောမြို့လေးပင်ဖြစ်သည်။ ထိုသို့သေးငယ်သည်ဟုဆိုရာတွင်လည်း လူဦးရေသန်းချီသောမြို့များထက် မြို့ကြီးပြကြီး၏အနှစ်သာရအားလုံးကို ပိုမိုတိတ်ဆိတ်၍ ပိုမိုတိုတောင်းသောခရီးဖြင့် ခံစားနိုင်မည်ဟုဆိုလိုသည်။ စတုရန်းမီတာအားဖြင့်မကျယ်ဝန်းလှသောတောက်ပသည့်ဘဏ်လုပ်ငန်းရပ်ကွက်​၏အပြင်ဘက်၌ ဖရန့်(ခ်)ဖွတ်မြို့လေးသည် ဆန်းသစ်သော ဝီလ်ဟဲလ်မီနီရမ်လက်ရာဟန် ဗိသုကာလက်ရာများ၊ များပြားကျယ်ဝန်းလှသောပန်းခြံကြီးများအစရှိသောဝိသေသများနှင့်ဖော်ကြူးထားလျက်ရှိသည်။ မြို့တွင်းရှိလူနေရပ်ကွက်များဖြစ်သော Bornheim (ဘွန်းဟိုင်းမ်)၊ Nordend (နော့ဒ်ဒန်)၊ Bockenheim (ဘော်ကန်ဟိုင်းမ်) နှင့် Sachsenhausen (ဇာခ်ဆန်ဟောက်ဇန်) များသည်လည်း တိတ်ဆိတ်စေသောလမ်းများ၊ သက်တောင့်သက်သာရှိသောကဖေးများ၊ စားသောက်ဆိုင်များ၊ လှပသောအထည်ဆိုင်များ၊ အနုပညာလက်ရာပြောင်မြောက်သောဇာတ်ကားများကိုဦးစားပေး၍ပြသသော တစ်မူထူးခြားသည့်ရုပ်ရှင်ရုံများ၊ တန်ဖိုးမဖြတ်နိုင်သောရှေးဟောင်းစာအုပ်ဆိုင်များဖြင့် အလွန်ပင်ဆွဲဆောင်လျှက်ရှိသည်။ ထိုလူနေရပ်ကွက်များ၏ပတ်ဝန်းကျင်တိုင်းတွင်လည်း သူတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရာလူသွားလူလာများသောလမ်းမကြီးများကိုယ်စီပိုင်ဆိုင်ထားကြသည်။ ထိုလမ်းများထဲတွင် Berger Strasse လမ်းမှာ အရှည်လျားဆုံးဖြစ်ပြီးမြို့ထဲမှစ၍ရွာဟောင်းကလေးအလယ်အထိ (၃) ကီလိုမီတာနီးပါးရှည်လျားသည်။ လမ်းတစ်လျှောက်တွင်လည်း အိမ်မျက်နှာစာအများစုကိုသစ်သားဖြင့်ဆောက်လုပ်ထားသောအိမ်များ၊ ကြက်သွန်ဥသဏ္ဌာန်အမိုးများဖြင့်အနုပညာလက်ရာမြောက်အောင်ဆောက်လုပ်ထားသောခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုလည်းတွေ့နိုင်သည်။ ဤနေရာလေးတွင် ပန်းချီအနုပညာလက်ရာများဖန်တီးရာတွင်အသုံးပြုသောပစ္စည်းများရောင်းချရာဆိုင်လေးမှ မိသားစုတစ်နိုင်တစ်ပိုင်ဦးစီလည်ပတ်သောကုန်မာဆိုင်များအထိ အစရှိသောအသေးစားရောင်းဝယ်ရေးလုပ်ငန်းများမှာ အရှုံးမရှိဘဲရှင်သန်လည်ပတ်နိုင်လျက်ရှိသည်။ လမ်းတစ်လျှောက်တွင်ထိုသို့သောဆိုင်များသာမက စိမ်းလန်းစိုပြည်သောအရာများကကျိုးတို့ကျဲတဲနေရာယူထားကြသည်။ ထိုနေရာများမှာ တရုတ်ပန်းဥယျာဉ်ရှိရာ လူအများ၏အာရုံကိုဖမ်းစားနိုင်သည့် ဘတ်သ်မန်း (Bethmann Park) ပန်းခြံ၊ နေပူဆာလှုံသူများအတွက်မြက်ခင်းပြင်ကျယ်ကြီးနှင့်လေဟာပြင်ဖျော်ဖြေပွဲများကျင်းပရာ ဂူန်သော်စ်ဘောဂ် (Günthersburg Park) ပန်းခြံ၊ ဟော်လ်ဇ်ဟောက်ဆန် (Holzhausen Palace) နန်းတော်အနီးရှိပန်းဥယျာဉ်၊ ကျယ်ဝန်း၍လေညှင်းခံနိုင်သော ဂရူနီဘော့ဂ် (Grüneburg Park) ပန်းခြံနှင့် ကျယ်ဝန်းသောသဘာဝ Ost (အရှေ့)ပန်းခြံများပင်ဖြစ်သည်။ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်လျှက်လက်ဆွဲအိတ်များဆွဲကိုင်ထားလေ့ရှိသောသူများနှင့် ပန်းခြံများ၏သစ်ပင်ထိပ်များအကျော်မှ သို့မဟုတ် အဆောက်အအုံဟောင်းများရှိရာလမ်းကလေး၏အဆုံးမှ ရံဖန်ရံခါလှမ်းမြင်ရသောမှန်များကာရံထားသည့်မိုးမျှော်တိုက်ကြီးများကို သတိပြုစရာအနည်းငယ်အဖြစ်မမြင်ရလျှင် ဘဏ်လုပ်ငန်းကမ္ဘာသည် အလွန်ဝေးကွာနေသယောင်ပင်ဖြစ်သည်။

ဓာတ်လှေကားမောင်းလိုင်စင်။

ကနဦး ကုမ္ပဏီတစ်ခု၏ရုံးချုပ်။ ထို့နောက် စစ်တပ်အခြေစိုက်စခန်းတစ်ခု။     ။ သမိုင်းဝင် Johann Wolfgang von Goethe University တက္ကသိုလ် ပရဝုဏ်သည် ရှည်လျားထွေပြားသော သမိုင်းတစ်ခုရှိသည်။
ကနဦး ကုမ္ပဏီတစ်ခု၏ရုံးချုပ်။ ထို့နောက် စစ်တပ်အခြေစိုက်စခန်းတစ်ခု။ ။ သမိုင်းဝင် Johann Wolfgang von Goethe University တက္ကသိုလ် ပရဝုဏ်သည် ရှည်လျားထွေပြားသော သမိုင်းတစ်ခုရှိသည်။ | ဓါတ်ပုံ : Stefan Espenhahn © picture alliance / imageBROKER
ဂျာမနီနိုင်ငံတွင်အခုရေ (၂၅၀) မျှသာကျန်ရှိသည့်လွန်ခဲ့သောရာစုနှစ်ကစတင်ပေါ်ပေါက်ခဲ့သော ခေတ်ဟောင်းအမှတ်ရစရာ ပတ်တာနော့်စ်တာ (Paternosters) ဟုခေါ်သည့်ဓာတ်လှေကားများမှာ အများပြည်သူထံသို့ အနည်းငယ်သာဖွင့်လှစ်သုံးစွဲခွင့်ပြုထားသည့်တိုင် ဖရန့်ခ်ဖွတ်မြို့တွင်ယနေ့ထက်တိုင်အထက်အောက်ပြေးလွှားလုပ်ဆောင်နေဆဲဖြစ်သည်။ ဤဓာတ်လှေကားများမှာ ၁၉၇၀ ပြည့်နှစ်များက ကျန်းမာရေးနှင့်အသက်အန္တရာယ်ဆိုင်ရာထိခိုက်နိုင်မှုအကြောင်းပြချက်များဖြင့် ပိတ်သိမ်းရန်အကြောင်းဖန်လာရာမှ ဤရွေ့လျားသစ်သားပုံးကြီးများသည် ရှားပါးသောအရာတစ်ခုဖြစ်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုဓာတ်လှေကားများအတွင်းသို့ဝင်ခြင်း၊ ပိုမိုတိကျစွာပြောရလျှင် ထိုအတွင်းသို့ခုန်တက်ခြင်း၊ ထိုအတွင်းမှခုန်ဆင်းခြင်း ပြုလုပ်ရသောခံစားချက်မှာပျော်ရွှင်ဖွယ်ကောင်းလှသည်။ ထိုသို့သောအတွေ့အကြုံမျိုးကို ဖရန့်ခ်ဖွတ်မြို့ရှိ ဂိုသေးတက္ကသိုလ် (Goethe University, Frankfurt) ပင်မအဆောက်အအုံအတွင်းရှိအတွဲပေါင်း (၈) တွဲထက်မနည်းသည့် မရပ်မနားလည်ပတ်နေသောဓာတ်လှေကားများစီး၍ခံစားနိုင်သည်။ လွန်ခဲ့သောနှစ်များက ပတ်စတာနော့စ်တာဓာတ်လှေကားစီးခြင်းအထူးမွမ်းမံသင်တန်းအောင်ထားသော တက္ကသိုလ်ဝန်ထမ်းများကိုသာစီးနင်းခွင့်ပေးထားပြီး ထိုသူများကိုစောင့်ကြည့်ရန် အထူးလုံခြုံရေးဝန်ထမ်းများကိုလည်းငှားရမ်းထားခဲ့သည်။ ယခုအခါတွင်မူ အများပြည်သူသို့ပြန်လည်ဖွင့်လှစ်ထားပေးသည်။ ပတ်တာနော့စ်တာများရှိရာကို ဝန်းရံဆောက်လုပ်ထားသောပင်မအဆောက်အအုံကြီး၏ဗိသုကာလက်ရာများမှာလည်း ကြည့်ရသူတို့အဖို့ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တည်ဆောက်ထားသော ဤအဆောက်အအုံကြီးသည် (၂၅) မီတာရှည်လျားပြီး ဓာတုဗေဒဆိုင်ရာနှင့်ဆေးဘက်ဆိုင်ရာ အိုင်.ဂျီ.ဖာဘင် (I.G.Farben) ကုမ္ပဏီကြီး၏ရုံးချုပ်အဖြစ်အသုံးပြုခဲ့သည်။ သို့သော် ဤအဆောက်အအုံကြီးမှာ မကောင်းသောအတိတ်က အဖြစ်အပျက်တစ်ခု၏အထိမ်းအမှတ်အဆောက်အအုံကြီးအဖြစ်ရှိနေသည်။ ထိုကုမ္ပဏီကြီးမှာအမျိုးသားဆိုရှယ်လစ်အစိုးရလက်အောက်ရှိ ဓာတ်ငွေ့ခန်းများတွင်အသုံးပြုသော ဇာကလုန်ဘီ (Zyklon B) ဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဝေခြင်းတွင်ပါဝင်ပတ်သက်ခဲ့ပြီးသည့်အပြင် ၎င်းတို့၏ကိုယ်ပိုင်ချွေးတပ်စခန်းကိုလည်း လုပ်ဆောင်ခဲ့သေးသည်။ စစ်ကြီးအပြီးတွင် အမေရိကန်ပြည်ထောင်စုက စစ်ဘက်ဆိုင်ရာအခြေစိုက်နေရာတစ်ခုအဖြစ် ဤအဆောက်အအုံကို ကနဦးကသုံးပြုခဲ့သေးသည်။ ယနေ့အခါတွင်မူ တက္ကသိုလ်ကြီးကို ပိုမိုငြိမ်းချမ်း၍အပေါင်းလက္ခဏာဆောင်သောအားထုတ်မှုများဖြင့် ဖွင့်လှစ်ထားသည်။ ဤသည်ကို သေးငယ်သောကျောက်တုံးနံရံလေးများဖြင့်ပုံဖော်ထားသောမြက်ခင်းပြင်များရှိရာ၊ ဂရိနတ်ဘုရားမရုပ်တုများဖြင့်အလှဆင်ထားသောရေပန်းများရှိရာ၊ မှန်ချပ်ကြီးများဖြင့်ဆောက်လုပ်ထားသောစက်ဝိုင်းသဏ္ဌာန်ဟောခန်းကျယ်ကြီးများရှိ အစားအသောက်များရရှိနိုင်သောတက္ကသိုလ်ကဖေးများရှိရာ၊ ကျောင်းသားများ၊ ကထိကများ၊ ကလေးများနှင့်ဆယ်ကျော်သက်အရွယ်များသည်ပင် နေရာအနှံ့ခုန်ပေါက်မြူးတူးနေပြီး စကိတ်ပြားများစီးခြင်း၊ လူသွားလမ်းကျယ်ကြီးများပေါ်တွင်စကိတ်စီးခြင်းတို့လုပ်ဆောင်ရာ ပင်မအဆောင်ဝန်းကျင်သမိုင်းဝင်စိမ်းစိုသောနေရာ၌ မြရာပင်ကြီးများနှင့်မိုးမခပင်ကြီးများပေါက်ရောက်နေသည်ကို သိသိသာသာတွေ့မြင်နိုင်ပါသည်။

သစ်လွင်သောမြို့ဟောင်း

ဖရန့်ခ်ဖွတ်မြို့၏ သမိုင်းဝင် မြို့လယ်နေရာ။
ဖရန့်ခ်ဖွတ်မြို့၏ သမိုင်းဝင် မြို့လယ်နေရာ။ | ဓါတ်ပုံ : Jochen Tack © picture alliance
အခြားသောမြို့များမှာ မိမိတို့၏မြို့အသီးသီး၌ရှိသော သမိုင်းဝင်အချက်အချာကျသောနေရာများကို သက်တမ်းအားဖြင့်ပြိုင်ဆိုင်ငြင်းခုံနေကြရသော်လည်း ဖရန့်ခ်ဖွတ်မြို့သူမြို့သားများမှာ သက်တမ်းရင့်သည့်နေရာများမရှိခြင်းကိုဂုဏ်ယူနေကြရသည်။ ဖရန့်ခ်ဖွတ်မြို့ဒေသခံတို့အဖို့ ၎င်းတို့၏မြို့မှာ ဂျာမနီနိုင်ငံ၏သက်တမ်းအနုဆုံးမြို့ဟောင်းဖြစ်သည်မှာ ငြင်းဖွယ်ရာမရှိပေ။ တကယ်တမ်းဆိုလျှင် မြို့အသစ်တစ်ခုဟုပင်ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော်အခြားမြို့များနည်းတူ ဒုတိယကမ္ဘာစစ်အတွင်းလေကြောင်းထိုးစစ်ဆင်မှုကြောင့် ဖရန့်ခ်ဖွတ်မြို့၏ Medieval အလယ်ခေတ်နှင့် Renaissance ခေတ်ဆန်းချိန်မှ သမိုင်းဝင်မြို့လယ်နေရာသည် အလုံးစုံပျက်စီးလုနီးနီးဖြစ်ခဲ့ရသည်။ စစ်ပြီးစကာလတွင်လည်း ကျယ်ပြန့်ပြီးသစ်သားတစ်ဝက်ဖြင့်ဆောက်လုပ်သောမျက်နှာစာနှင့် သမိုင်းဝင်မြို့တော်ခန်းမနှင့်အတူ ဗဟိုရင်ပြင်ဖြစ်သော ရိုးမား (Römer) တစ်ခုတည်းကိုသာ ဦးစွာပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ သို့သော်မြို့လယ်ခေါင်ရှိပျက်စီးသွားသောအခြားသောအဆောက်အအုံများမှာ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် မရှိသလောက်နည်းသွားခဲ့ပြီးသမိုင်းဝင်မြို့ဟောင်းတွင်ကျန်ရှိခဲ့သောအရာမှာ ၁၉၅၀ ပြည့်လွန်နှစ်များက စတုရန်းသဏ္ဍာန်ကြိုတင်ပြုလုပ်ထားသောအဆောက်အဦးအပိုင်းများဖြင့်တည်ဆောက်ထားသောအဆောက်အအုံများ၏အတော်စိတ်ပျက်ဖွယ်တည်ရှိမှုသာလျှင်ကျန်ရစ်နေခဲ့သည်။ အချိန်ကြာမြင့်စွာဆွေးနွေးမှုအပြီးတွင် ဖရန့်ခ်ဖွတ်မြို့သည် နဂိုကရှိခဲ့သည့်သမိုင်းဝင်မြို့လယ်ခေါင်ကို ပြန်လည်ဖော်ဆောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ သမိုင်းတွင်ရှိခဲ့သည့်အရာများအတိုင်း တိတိကျကျပြန်လည်ပုံဖော်တည်ဆောက်မည့်အစား ခေတ်မီဗိသုကာလက်ရာများကို စမ်းသပ်ထည့်သွင်းတည်ဆောက်ရန်စီစဉ်ခဲ့ကြသည်။ အဆောက်အဦးပေါင်း (၃၅) ခုဆောက်လုပ်ခဲ့ပြီး ၎င်းထဲမှ (၁၅) ခုမှာမူလအတိုင်းပြန်လည်ပုံဖော်ဆောက်လုပ်ခဲ့ပြီး ကျန်အခု (၂၀) မှာမူရင်းသမိုင်းဝင်အဆောက်အဦးများကိုအခြေပြုလျှက် ပိုမိုဆန်းသစ်သောအနုပညာလက်ရာများဖြင့်သေသပ်လှပစွာဆောက်လုပ်ခဲ့ကြသည်။ အဆောက်အဦးပုံစံအသစ်များဖြစ်သော်လည်း အရောင်အသွေးကန့်သတ်ချက်များ၊ တြိဂံကဲ့သို့ထိပ်ပိုင်းချွန်သောပုံစံရှိသည့်အုတ်ကြွပ်မိုးခေါင်မိုးများ၊ သစ်သားမျက်နှာစာများအတွက်အသုံးပြုသောကုန်ကြမ်းများအတွက်လမ်းညွှန်ချက်များအစရှိသည့် တင်းကြပ်သောအသေးစိတ်ဒီဇိုင်းများကိုလိုက်နာဆောက်လုပ်ကြရသည်။ အကယ်၍ဖြစ်နိုင်မည်ဆိုပါက စစ်ပွဲအတွင်း၌ပျက်စီးသွားသောအဆောက်အအုံများ၏အပိုင်းအစများကို အသစ်ဆောက်လုပ်ရာတွင်ပြန်လည်ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ၂၀၁၈ ခုနှစ်မှစ၍ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့်ရိုးမာအဆောက်အအုံကြားရှိလမ်းကလေးမှာ ရီနေဆောင့်စ် (Renaissance)၊ ဘာရော့ခ် (Baroque) နှင့် ဂန္တဝင် (Classic) လက်ရာဟန်အဆောက်အအုံများရှိ များပြားလှသောခေတ်ဆန်ဆန်ကဖေးများ၊ တန်ဖိုးကြီးအထည်ဆိုင်များကြောင့် လူသွားလူလာပြန်လည်ထူထပ်လာပြီဖြစ်သည်။

မိန်းမြစ်ကမ်းပေါ်မှချန်ပီယံလိဂ်

Eintracht Frankfurt အမျိုးသမီးအသင်း (အမဲရောင်ဝတ်ဆင်လျှက်) နှင့် 1. FFC Turbine Potsdam အသင်း (အနီရောင်ဝတ်ဆင်လျှက်) တို့ ဘွန်းဒက်စ်လီဂါပွဲတစ်ခုတွင် ယှဉ်ပြိုင်ကစားကြစဉ်။
Eintracht Frankfurt အမျိုးသမီးအသင်း (အမဲရောင်ဝတ်ဆင်လျှက်) နှင့် 1. FFC Turbine Potsdam အသင်း (အနီရောင်ဝတ်ဆင်လျှက်) တို့ ဘွန်းဒက်စ်လီဂါပွဲတစ်ခုတွင် ယှဉ်ပြိုင်ကစားကြစဉ်။ | ဓါတ်ပုံ : Ulrich Scherbaum © picture alliance / Eibner-Pressefoto
ဘောလုံးသမိုင်းကိုကြည့်မည်ဆိုလျှင် ဖရန့်ခ်ဖွတ်မြို့ကမကြာခဏပါဝင်နေသည်။ မိန်းမြို့ပြဘောလုံးသမားများမှာ ဂျာမန်ချန်ပီယံအဖြစ် (၉) ကြိမ်၊ ဒီအက်ဘီဖလား (DFB cup) အား (၁၉) ကြိမ် အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။ သို့သော် ဤသည်မှာ အမျိုးသားအသင်းတစ်ခုတည်းက ဆွတ်ခူးခဲ့ခြင်းမဟုတ်ပေ။ အမျိုးသားဘွန်ဒက်စ်လီဂါ (ထိပ်တန်းဂျာမန်လိဂ်) အသင်းတစ်ခုဖြစ်သည့် အိမ်းတာရချ်ဖရန့်ခ်ဖွတ် (Eintracht Frankfurt) အသင်းမှာ ချန်ပီယံလိဂ်ဝင်ရန် နှစ်စဉ်နှစ်တိုင်းကြိုးပမ်းလျှက်ရှိပြီး ၁၉၅၉ ခုနှစ်ကဂျာမန်ချန်ပီယံရှစ်ဖလားတစ်ခုသာ အနိုင်ရရှိခဲ့ဖူးသည်။ သို့သော် ၎င်းတို့၏အမျိုးသမီးအသင်းနှင့် အမှတ်ပေးဇယားချင်းယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။ ဖရန့်ဇ်ဘက်ကန်ဘောင်အာ (Franz Beckenbauer) ကမူ အရှုံးသမားတို့၏ဖလားဟုတစ်ခါကပြောဖူးသည့် ဥရောပဖလား (UEFA Europa League Cup) တွင်မူ အမျိုးသားအသင်းကပုံမှန်ပါဝင်ခွင့်ရရှိခဲ့သည်။ ဂျာမနီနိုင်ငံ၏အအောင်မြင်ဆုံးသောအမျိုးသမီးအသင်းဖြစ်သည့် FFC Frankfurt သည် ၂၀၂၀ နွေရာသီအထိသီးခြားရပ်တည်ခဲ့ပြီး အမျိုးသမီးချန်ပီယံလိဂ်ခေါင်းစဉ် (၄) ခုနှင့်အမျိုးသမီး DFB Pokal ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဖလားကို (၇) ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ FSV Bornheim မှာလည်းအားကစားလောကအတွက်အဖိုးတန်ရတနာတစ်ခုဖြစ်ခဲ့သည်မှာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်သည်။ မြို့တော်ခရိုင်ကလပ်အသင်း၏အမျိုးသားကစားသမားများသည် ဒုတိယတန်းဘွန်ဒက်စ်လီဂါတွင် နှစ်အတော်ကြာကြာဒုတိယနေရာအဖြစ်နှစ်တိုင်းနီးပါး ရပ်တည်လျက်ရှိပြီး ပထမတန်းဘောလုံးအသင်းများဖြစ်ကြသော FC Köln နှင့် FC St. Pauli စသောနာမည်ကြီးအသင်းများကိုလည်း ၎င်း၏ပရိတ်သတ်နှင့်ပရော်ဖက်ရှင်နယ်ကစားသမားများ ပိုမိုနီးကပ်စွာတွေ့ဆုံနိုင်သောမြို့လယ်ခေါင်ရှိ လူ ၁၂,၀၀၀ ဆံ့သော ဘောလုံးကွင်းကြီးသို့ဖိတ်ခေါ်ခဲ့သည်။ သို့သော် ထိုကလပ်မှာ ၂၀၁၇ ခုနှစ်တွင် Regionalliga (ဂျာမနီ စတုတ္ထလိဂ်) သို့တန်းဆင်းခဲ့ရသည့်အတွက် အသင်းပရိတ်သတ်များမှာ အမျိုးသားဘွန်ဒက်စ်လီဂါပွဲအတွက် Commerzbank ဘောလုံးကွင်းသို့ လမ်းလျှောက်သွားရပြီး Eintracht ပရိတ်သတ်ပေါင်း (၄၅,၀၀၀) နှင့်အတူ ပွဲကြည့်ကြရသည်။ ထို့ပြင် FSV Bornheim တွင်လည်း အမျိုးသမီးအသင်းကပိုမိုအောင်မြင်မှုရရှိပြီး ချန်ပီယံရှစ်ဖလား (၃) ခု၊ ဗစ်ထရီဖလား (၅) ခုပိုင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ငွေကြေးအခြေအနေများကြောင့် ၂၀၀၆ ခုနှစ်တွင် စိတ်မကောင်းစွာအသင်းအားဖျက်သိမ်းခဲ့ရသည်။

လမ်းပေါ်ရှိပွဲတော်များဆင်နွှဲခြင်း

ရိုးရာအချင်းကျယ်ခရား Bembel နှင့် စိန်ဖြတ်သဏ္ဍာန်ဖန်ခွက်ထဲမှ ဖရန့်ခ်ဖွတ်၏ ကျော်ကြားသော ပန်းသီးဝိုင်။
ရိုးရာအချင်းကျယ်ခရား Bembel နှင့် စိန်ဖြတ်သဏ္ဍာန်ဖန်ခွက်ထဲမှ ဖရန့်ခ်ဖွတ်၏ ကျော်ကြားသော ပန်းသီးဝိုင်။ | ဓါတ်ပုံ : Arne Dedert © picture alliance / dpa
အလယ်ခေတ်ကတည်းက ဖရန့်ခ်ဖွတ်မြို့ပေါ်ရှိလူများသည် ဈေးဆိုင်တန်းများတွင်တွေ့ဆုံလေ့ရှိကြသည်ဟု ကောလဟာလများကဖော်ပြကြသည်။ Eintracht ပရိတ်သတ်များကမူ ကွန်စတာဘယ်လာ (Konstabler) ရဲစခန်းအနီးရှိ လယ်သမားဈေးနားတွင်စုရုံးလေ့ရှိကြပြီး ညဉ့်နက်သည်အထိပျော်ပါးတတ်ကြသူများသည် ဖရစ်ဒါဘာဂါ (Friederberger) ရင်ပြင်ရှိဝိုင်ဈေးတန်းသို့ စုရုံးသွားရောက်ကြသည်။ ပစ္စည်းစုဆောင်းသူများမှာ မိန်းမြစ် (Main River) ကမ်းရှိ အဟောင်းဈေးတန်းသို့သွားရောက်ရှာဖွေလေ့ရှိပြီး လူတိုင်းက မိမိတို့၏ရပ်ကွက်ဈေးများတွင်ကော်ဖီတစ်ခွက်သောက်ရင်း အိမ်နီးချင်းများနှင့်စကားပြောလေ့ရှိကြသည်။ ထိုဈေးများသည် ဒေသခံအရသာစစ်စစ်များကို မြည်းစမ်းနိုင်သောနေရာကောင်းပင်ဖြစ်သည်။ ထိုဈေးများတွင် ဂူနီးဇိုဆပ်ဖ် (Grüne Soβe) (လတ်ဆတ်သောရာသီသစ်ဥသစ်ဖုများပါသောဆော့စ်အအေး) သို့မဟုတ် ဟန်ဒ်ကတ်စ်မစ်မူဆစ်ခ် (Handkäs mit Musik) (ဒေသထွက် ဒိန်ခဲအမာကိုလှီးထား၍ ကြက်သွန်ဥ၊ ကရဝေးစေ့တို့ဖြင့်တွဲစားရသည်။) တို့ကို ထိုနေရာတွင်ပင်ရနိုင်သော ဘမ်ဘယ် (Bembel) (အချင်းကျယ်သောမြေအိုးခရား) မှ ပန်းသီးဝိုင် (Ebbelwoi) ဖန်ခွက်ကြီးတစ်ခွက်ဖြင့်တွဲဖက်ရန် အသင့်တော်ဆုံးပင်ဖြစ်သည်။ နေ့လည်စာအတွက်အဆာပြေစားရန်သာသင့်တော်သည်သာမဟုတ် ညနေခင်းအပျော်ထွက်သောအခါအစပျိုးသည့်အနေဖြင့်လည်း စားသုံးရန်သင့်တော်သည်။ သောကြာနေ့များတွင် ဝိုင်ကျွမ်းကျင်ပညာရှင်များနှင့်အပျော်အပါးကြိုက်သူများက နောက်ဆက်တွဲအစီအစဉ်များမပြုလုပ်မီ ဝိုင်နှင့်အစားအသောက်ဈေးတန်းများ၌စုဝေးစားသောက်နေကြသည်မှာ ဖရိဒ်ဘော့ဂ်ဈေး (Friedberg) တစ်ခုလုံးအထူးစည်ကားလျက်ရှိသည်။ ထိုသို့ဆူဆူညံညံမဟုတ်ဘဲ ပိုမိုတိတ်ဆိတ်သောနေရာမျိုးကိုပိုမိုနှစ်သက်လျှင် ဖရီးဒ်ဘာဂါရင်ပြင်အသေးစားလေး (mini Friedberger square) ကို ရွေးချယ်သင့်သည်။ ထိုနေရာလေးမှာ လူစည်ကားသောပတ်ဝန်းကျင်လေးအဖြစ်တည်ရှိနေပြီး ရက်ဂေး (Reggae) သီချင်းနှင့်ဘီယာဆိုင်တန်းတွင် ဘီယာထိုင်သောက်ရင်းညနေခင်းအားကုန်ဆုံးနိုင်သည်။ ဈေးဆိုင်တန်းများအပြင်အပြောင်းအလဲအဖြစ်ရွေးချယ်လိုလျှင် နွေရာသီတိုင်းတွင်ဒါဇင်ချီသောလမ်းဘေးပွဲတော်များက သင့်အားစောင့်ကြိုနေပေမည်။ ဘရက်ကန်ဝေါလ် (Brückenwall) လမ်းပွဲတော်မှာဆန်းပြားသောဒီဇိုင်းများဖြင့်ပုံဖော်ထားပြီး အဝတ်အစားဖက်ရှင်ဆိုင်များကိုလည်းတွေ့နိုင်ပါသည်။ ဘာဂါလမ်းပွဲတော်ဆိုလျှင် ကီလိုမီတာအနည်းငယ်ခန့်အထိရှည်လျားပြီး ထောင်သောင်းများစွာသောလူများကလေဟာပြင်ပွဲတော်တွင်ပါဝင်ဆင်နွှဲလေ့ရှိကြသည်။ ထို့ပြင် အပြောင်းအလဲအနေဖြင့် အီလက်ထရိုသီချင်းနောက်ခံဖြင့်စက်ဘီးအလှစီးပြသောပွဲများရှိရာ ကော့တ်ဘလင်ဇာ (Koblenzer) လမ်းပွဲတော်လည်းရှိသေးသည်။ ညဥ့်နက်သန်းခေါင်ကျော်အထိလမ်းပေါ်ရှိပါတီလာရောက်လည်ပတ်သူများအတွက် လူထုအခြေပြုသတင်းအချက်အလက်စုံစမ်းရာကောင်တာများ၊ အဟောင်းပစ္စည်းဈေးဆိုင်တန်းများ၊ မဲလက်မှတ်များဖြင့်ရနိုင်သောအစားအသောက်ဆိုင်တန်းများ၊ ကာပီရင်းဟာ (Capiriha) ကော့တ်တေးဘားများနေရာချထားခြင်းအစရှိသဖြင့် ပွဲတော်များကို ဒေသခံနေထိုင်သူများနှင့်အိမ်နီးချင်းများက စီမံပေးကြသည်။

"FRANKFURT HELAU, OFFENBACH PFUI!” (ဖရန့်ခ်ဖွတ်အောင်ရမည်။ အော့ဖ်ဖန်ဘ့ာဂျ် မနှစ်သက်ပါ။)

အော့ဖ်ဖန်ဘ့ာဂျ်မြို့ရှိ မိန်းမြစ်ကမ်းပေါ်မှ Hafen 2 လဟာပြင်ရုပ်ရှင်ရုံ။
အော့ဖ်ဖန်ဘ့ာဂျ်မြို့ရှိ မိန်းမြစ်ကမ်းပေါ်မှ Hafen 2 လဟာပြင်ရုပ်ရှင်ရုံ။ | ဓါတ်ပုံ : © suesswasser e.V.
အများအားဖြင့်ဖော်ရွေလေ့ရှိကြသော ကာလရှည်ရင်းနှီးသောပြိုင်ဘက်များဖြစ်ကြသည့် ဖရန့်ခ်ဖွတ်မြို့နှင့်အော့ဖ်ဖန်ဘာ့ဂျ်မြို့ အိမ်နီးချင်းမြို့နှစ်မြို့အဖို့ ပြေလည်လုနီးပါးရှိကြပါသည်။ ဖရန့်ခ်ဖွတ်မြို့၏ခရစ်ယာန်ဘာသာရေးနေ့ (အင်္ဂါနေ့) (Shrove Tuesday) တွင် သူ့ထက်သေးငယ်သောအိမ်နီးချင်းမြို့ကလေးအား တစ်လုံးစ နှစ်လုံးစ မနှိမ်ရဘဲ ပြီးပြည့်စုံနိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အော့ဖ်ဖန်ဘာ့ဂျ်မြို့၏အကောင်းဆုံးအချက်မှာ လှပဝင့်ထည်သောဖရန့်ခ်ဖွတ်မြို့၏အလှကိုမြင်တွေ့နိုင်ခြင်းပင်ဖြစ်သည်။ ထိုသို့သော ချစ်ခြင်းတရား၊မုန်းခြင်းတရားတို့ဖြင့်တည်ဆောက်ထားသောဆက်ဆံရေးမှာ အလယ်ခေတ်နှောင်းပိုင်းက ရဲတိုက်ပိုင်ဆိုင်ခွင့်အပေါ် အငြင်းပွားမှုများမှအစပြု၍ မရေမတွက်နိုင်သော နယ်မြေအရေး၊ ဘာသာရေးနှင့် စီးပွားရေး အငြင်းပွားမှုများ ပါဝင်သည်။ သို့သော် ထိုသို့သောစိတ်ရှုပ်ဖွယ်ရာနှမတော်မြို့လေးမရှိပါက ဖရန့်ခ်ဖွတ်မြို့လေးမှာလမ်းပျောက်နေပေလိမ့်မည်။ သာယာလှပသောနွေရာသီနှင့်အတူ လမ်းသွားလမ်းလာများ၊ စက်ဘီးသမားများနှင့် ကလေးတွန်းလှည်းကိုယ်စီတွန်းနေကြသောမိဘများဖြင့် မြစ်ကမ်းဘေးလမ်းကလေးမှအော့ဖ်ဖန်ဘာ့ဂျ်မြို့အထိ လမ်းပိတ်နိုင်ခြေရှိသည့်အတွက်စိတ်ပူနေရသည်။ ထိုမြို့ကလေးသို့အရောက်သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ မိန်းမြစ်၏စိမ်းစိုသောမြစ်ကမ်းတစ်လျှောက်လမ်းလျှောက်ခြင်း၊ ကော်ဖီဆိုင်ထိုင်ခြင်း၊ လေဟာပြင်ဖျော်ဖြေပွဲတစ်ခု (သို့မဟုတ်) ညချမ်းအချိန် မြစ်ကမ်းအလှနှင့် ရုပ်ရှင်ရုံ Hafen-2 (သို့) Waggon-am-kulturgleis များဖြင့် ပျော်ရွှင်ဖွယ်ချစ်စဖွယ်နေ့လေးကိုကုန်ဆုံးနိုင်သည်။ ဟောက်စ်နှင့်တက်ခ်နို တေးဂီတပရိတ်သတ်များကမူ မြို့တော်၏အကောင်းဆုံးကလပ်များမှ တစ်ခုဖြစ်သော ရိုဘတ်-ဂျွန်ဆင် (Robert-Johnson) ကလပ်ကို အော့ဖ်ဖန်ဘာ့ဂျ်မြို့တွင်တည်ရှိနေစေကာမူ အလွတ်ပေးနိုင်မည်မဟုတ်ဘဲ ရောက်သွားကြပေလိမ့်မည်။

ဘဏ်အဆောက်အဦးအရိပ်အောက်ရှိငုပ်လျှိုးနေသောထုံးတမ်းများ

ECB အဆောက်အဦးသစ်ကြီး၏ ဆောက်လုပ်ရေး ခြံစည်းရိုးနံရံမှ ဂရာဖီတီပုံ။
ECB အဆောက်အဦးသစ်ကြီး၏ ဆောက်လုပ်ရေး ခြံစည်းရိုးနံရံမှ ဂရာဖီတီပုံ။ | ဓါတ်ပုံ : Boris Roessler © picture alliance/dpa
၂၀၀၀ပြည့်နှစ်(ထောင်စုနှစ်)အလွန်တွင် ဘဏ်များ၏အချက်အချာကျရာနေရာအတွင်း၌မဟုတ်ဘဲ မိန်းမြစ်၏မြစ်ကမ်းပါးပေါ်တွင် တီထွင်ဆန်းသစ်သောဒီဇိုင်းဖြင့် အဆောက်အအုံသစ်တစ်ခုတည်ဆောက်မည့်အကြောင်းသတင်းစကားများပျံ့လွင့်ခဲ့သည်။ ဝီလ်ဟမ်ဘရန်တ် (Wilhelm Brandt) ရင်ပြင်တွင်တည်ဆောက်ရန်လျာထားခဲ့သော်လည်း ဘဏ်လုပ်ငန်းမျာလည်ပတ်ရာနေရာတွင် အဆောက်အဦးသစ်တည်ဆောက်ရန်နေရာအလုံအလောက်မရှိသောကြောင့် ဥရောပလုံးဆိုင်ရာဗဟိုဘဏ် (European Central Bank (ECB) မှာနောက်ဆုတ်ခဲ့ရပြီး အော့စ်တန် (Ostend) ဘက်သို့ခြေလှမ်းအစပြုခဲ့ရသည်။ သမိုင်းဝင်ကုန်လှောင်ရုံရှိသောလက်ကားဈေးရှိခဲ့ရာနေရာကို ဘဏ်အဆောက်အအုံအတွင်းသို့လက်ရာမြောက်စွာထည့်သွင်းတည်ဆောက်ရန် ကနဦးစီစဉ်ခဲ့သည်။ ECB တည်ဆောက်ခြင်းလုပ်ငန်းမှာမြို့တွင်းရပ်ကွက်၏ပြီးပြည့်စုံသောပြန်လည်ဖွံ့ဖြိုးမှုအစဟုမှတ်တမ်းတင်ခံရပြီးနောက်ပိုင်းတွင် ငွေကြေးအရ လူအများတတ်နိုင်ရန်လုပ်ဆောင်ခဲ့သည်။ ယနေ့အခါတွင် ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းများမှာဘီလီယံချီတန်နေပြီး အခန်းငှားခများမှာလည်း ၎င်းတို့နှင့်အတူမြောက်တက်သွားကြသည်။ ဖရန့်ခ်ဖွတ်မြို့အနေဖြင့် မိန်းမြစ်ကမ်းတစ်လျှောက်ရှိမြက်ခင်းစိမ်းပြင်များကိုတိုးချဲ့၍ ဘဏ်များအတွက်အချက်အချာကျသော ဒုတိယနေရာမဖြစ်လာစေရန်လည်းသတိပြုနေရသည်။ ထိုမြက်ခင်းစိမ်းနေရာများတွင် စကိတ်ကွင်းများ၊ ဘောလုံးကွင်းအနည်းငယ်၊ ဘတ်စကတ်ဘောကွင်းများ၊ ကစားကွင်းတစ်ခုနှင့် အပြင်ဘက်တွင်ကစားနိုင်သောအားကစားပစ္စည်းများ ဆောက်လုပ်ထားရှိပေးထားသည်။ ယခုအခါ ECB အဆောက်အအုံနှစ်လုံးတွဲ၏ပြောင်လက်သောအလင်းရောင်များကျရာ၌ ဖရန့်ခ်ဖွတ်မြို့၏စကိတ်စီးသမားများ၊ စက်ဘီးသမားများက သူတို့၏စွမ်းရည်များကိုပြသခြင်း၊ ရက်ပ်အဆိုတော်များက ဟွန်ဆဲလ်တံတား (Honsell bridge) တိုင်လုံးများအောက်တွင်ရက်ပ်ရွတ်ပြိုင်ခြင်းများပြုလုပ်လေ့ရှိကြသည်။ လိုလာမွန်တက်ဇ် အနုပညာအဖွဲ့အစည်းကမူ တံတားကိုယ်ထည်အောက်တွင် ခေတ်ပြိုင်အနုပညာပြပွဲများ၊ အီလက်ထရောနစ်ဂီတဖြင့်ဖျော်ဖြေသောပါတီများ၊ မတူကွဲပြားသောဒီဇိုင်းများ၊ ခရစ်မတ်ပွဲဈေးများ စသည်တို့ကို ဦးစီးလုပ်ဆောင်လျက်ရှိသည်။ ဩဂုတ်လတွင် မြို့၏စွဲမက်ဖွယ်ရာအကောင်းဆုံးသောပွဲတော်များထဲမှတစ်ခုဖြစ်သော ဆွမ်မာဝါဖ် (Sommerwerfe) ပြဇာတ်ရုံပွဲတော်သည်လည်း ထိုကြီးမားလှသောမှန်ချပ်များဖြင့်ဖွဲ့စည်းထားသည့်အဆောက်အဦးအောက်တည့်တည့်တွင်ကျင်းပခဲ့သည်။ အကြံပြုချက်။   ။ဖရန့်ခ်ဖွတ်မြို့၏အလှဆုံးသောကောင်းကင်ယံမြင်ကွင်းကျယ်ကိုကြည့်လိုပါက ECB နှင့်စကိတ်ကွင်းကြား မီးရထားတံတားပေါ်မှ၊ အထူးသဖြင့်နေသာသောရက်နေဝင်ရီတရောအချိန်တွင်ကြည့်ရှုခံစားနိုင်သည်။

ဆေးခြယ်ထားသောတန်ဖိုးမဖြတ်နိုင်သောအနုပညာလက်ရာများမှသည် မြေအောက်အနုပညာရပ်ဝန်းဆီသို့

“မြို့ပြကောင်းကင်ယံ” စီးရီးကို ဖရန့်ခ်ဖွတ်မြို့တွင် ရိုက်ကူးခဲ့သည်။
“မြို့ပြကောင်းကင်ယံ” စီးရီးကို ဖရန့်ခ်ဖွတ်မြို့တွင် ရိုက်ကူးခဲ့သည်။ | ဓါတ်ပုံ : © Netflix
Ostend အကြောင်းပြောရမည်ဆိုလျှင် သင်္ဘောဆိပ်ကမ်းဟောင်းဧရိယာပါရှိသောနယ်မြေကလေးသည် စတူဒီယိုအဆောက်အအုံနှစ်ခုထက်မနည်းအခြေစိုက်ရာနေရာဖြစ်ပြီး ထိုအဆောက်အဦးများတွင် လက်ရာကွဲပြားသောအနုပညာသမားပေါင်းစုံတို့က ဆိုင်ခန်းများဖွင့်လှစ်ထားကြသည်။ ခေတ်ပြိုင်အနုပညာအတွက် ရှင်းန်အနုပညာပြခန်း (Schirn Kunsthalle)၊ ခေတ်သစ်အနုပညာပြတိုက် (Museum of Modern art) နှင့် Städel ပြတိုက်၏များစွာသောပန်းချီကားစုစည်းမှုများဖြင့် ဖရန့်ခ်ဖွတ်မြို့သည် အနုပညာမြို့တော်အဖြစ်လူသိများနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဖရန့်ခ်ဖွတ်မြို့၏ဆက်သွယ်ရေးနှင့်ဒီဇိုင်းအနုပညာအကယ်ဒမီကလည်း ဤမြို့တွင်အနုပညာလက်ရာအများအပြားဖန်တီးခဲ့ကြောင်းအခိုင်အမာသက်သေပြုထားသည်။ မိန်းမြစ်အနီးရှိ မြို့ပြဝန်းကျင်သည်လည်း ၁၉၈၄ ခုနှစ်တွင် ဖရန့်ခ်ဖွတ်ဘဲလေးအကအဖွဲ့အစည်းအတွင်းဝင်ရောက်ခဲ့သော ခေတ်သစ်အကသမားဖြစ်သည့် William Forsythe ကြောင့်ဂျာမနီနိုင်ငံ၏အကထွန်းကားရာမြို့များထဲမှတစ်ခုဖြစ်လာခဲ့သည်။ ဤသို့သောအနုပညာလက်ရာမြင့်မားသည့်ဓလေ့များနှင့်ယှဉ်လျှက် ဖရန့်ခ်ဖွတ်မြို့တွင် နာမည်သိပ်မကြီးသောမြေအောက်တေးလောကဟုခေါ်သည့် သီချင်းဈေးကွက်လည်းရှိသေးသည်။ Hip-hop တေးဂီတသမားများစုဝေးရာနေရာများသည်လည်း ရက်ပါများဖြစ်သည့် Azad, Haftbefehl နှင့် Celo & Abdi တို့ဖြင့်နာမည်ရလာသည်။ Hip-Hop အသိုက်အဝန်းအကြောင်းအနည်းငယ်သာသိရှိခဲ့ရာမှ Netflix တွင် ၂၀၁၉ ခုနှစ်ကမြို့ပြကောင်းကင်ယံဇာတ်လမ်းတွဲထုတ်လွှင့်မှပိုမိုသိခွင့်ရရှိခဲ့ပြီး ထိုဇာတ်လမ်းတွဲတွင်ဇာတ်လမ်းအခြေခံရာနေရာမှာဖရန့်ခ်ဖွတ်ရက်ပ်လောက (Frankfurt Rap Industry) တွင်ဖြစ်သည်။ ဇာတ်ညွှန်းရေးသူ Dennis Schanz က ဇာတ်လမ်းပုံဖော်ခဲ့ပုံကို "Frankfurt က မြို့ကြီးပြကြီးဆိုပေမယ့်နေရာကျဉ်းကျဉ်းလေးလေ။ နေရာတိုင်းမှာစီးပွားရေးလုပ်ငန်းကိစ္စတွေဝင်ပါနေတယ်လို့ ခံစားရတယ်။” ဟုဆိုသည်။  “ဒီမှာက ဂျာမနီနိုင်ငံ ဘယ်နေရာမှာမှမတွေ့နိုင်တဲ့ မတူခြားနားတဲ့ကမ္ဘာနှစ်ခုကြားရိုက်ခတ်မှုက ပိုပြင်းထန်တာကြောင့်ဖြစ်မယ်။ သူဌေးနဲ့ဆင်းရဲသား၊ အရင်းရှင်နဲ့ရာဇဝတ်သား၊ မြို့နဲ့တော လိုမျိုးပေါ့။” ဟု အကျဉ်းချုပ်၍ ထပ်လောင်းပြောဆိုထားသည်။ မမျှော်လင့်ဘဲ ထိုဇာတ်လမ်းတွဲမှာ ဖရန့်ခ်ဖွတ်မြို့၏အအောင်မြင်ဆုံးသောဇာတ်လမ်းတွဲဖြစ်ခဲ့ပြီး ဤမျိုးဆက်အတွက်သိပ်အံအားသင့်ဖွယ်မကောင်းသောခေါင်းစဉ်ကိုလည် မီးမောင်းထိုးပြသွားသေးသည်။ ဤသည်မှာလျှို့ဝှက်၍ပြိုင်ဆိုင်မှုပြင်းထန်သော ဘဏ်ကြီးများ (များသောအားဖြင့် မကောင်းသောဘဏ်များ) ရင်းနှီးမြုပ်နှံမှုဌာနများအကြား အရာအားလုံးလှည့်ပတ်လျက်ရှိနေခြင်းပင်ဖြစ်သည်။

မြို့ပြလမ်းညွှန်မြေပုံ

ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေကူးခြင်း။    ။ ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့်ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်မားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။