မြို့ပြလမ်းညွှန်။ ။Leipzig
စက်မှုသမိုင်းနောက်ခံနှင့်စိမ်းလန်းသောအနုပညာမြို့တော်

လိုက်ပ်ဇစ်မြို့ ၊ ခွန်စ့်ခက်ဗယက် (Kunstkraftwerk) မှ ပြပွဲတစ်ခု။   ။”အနုပညာက စွန့်စားမှုတစ်ခုဖြစ်လာသောအခါ” (When art becomes an adventure)။
လိုက်ပ်ဇစ်မြို့ ၊ ခွန်စ့်ခက်ဗယက် (Kunstkraftwerk) မှ ပြပွဲတစ်ခု။ ။”အနုပညာက စွန့်စားမှုတစ်ခုဖြစ်လာသောအခါ” (When art becomes an adventure)။ | ဓါတ်ပုံ။ ။ © picture alliance/dpa/dpa-Zentralbild/Waltraud Grubitzsch

လိုက်ပ်ဇစ်မြို့ (Leipzig) မှာ အဘယ်ကြောင့်ထူးခြားနေရပါသနည်း။ ကုန်သွယ်ရေးဗဟိုချက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေသည့် ကုန်စည်ပြပွဲမြို့တော်ဖြစ်သည့်အတွက်လား။  အပြင်ထွက်၍ သဘာဝနဲ့ထိတွေ့ရသည့် စိတ်လှုပ်ရှားဖွယ်နေရာများကြောင့်လား။ အရောင်အသွေးစုံလင်သည့် အနုပညာပြခန်းများကြောင့်လား။ ကျွန်ုပ်တို့၏ဆောင်းပါးရှင် Tanja Grevismühl က လိုက်ပ်ဇစ်မြို့၏ ဂန္ထဝင်အထင်ကရနေရာများကိုစူးစမ်းတင်ပြထားပြီး ခရီးသွားလမ်းညွှန်တွင် တွေ့ရမည်မဟုတ်သောနေရာအချို့ကိုပါ ထည့်သွင်းတင်ပြထားပါသည်။ 

ရေးသားသူ​ Tanja Grevismühl

သမိုင်းဝင်ကုန်စည်ပြပွဲမြို့တော်၏အရိပ်အယောင်များ

Johann Wolfgang von Goethe က Auerbachs Keller သို့လာလေ့ရှိသည်သာမက ဖောက်စ် (Faust) ပြဇာတ်တွင်လည်း ဝိုင်အရက်ဆိုင်အဖြစ် ထည့်သွင်းခဲ့သည်။
Johann Wolfgang von Goethe က Auerbachs Keller သို့လာလေ့ရှိသည်သာမက ဖောက်စ် (Faust) ပြဇာတ်တွင်လည်း ဝိုင်အရက်ဆိုင်အဖြစ် ထည့်သွင်းခဲ့သည်။ | ဓါတ်ပုံ။ ။ ©picture alliance/Bildagentur-online/Schoening
လိုက်ပ်ဇစ်မြို့သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကုန်စည်ပြပွဲမြို့တော်စာရင်းဝင်မြို့တစ်မြို့ ဖြစ်ပါသည်။ နိုင်ငံတကာ ကုန်သွယ်ရေးထွန်းကားနေသော်ငြား စင်္ကြံလမ်းအသွယ်သွယ် လိမ်ယှက်နေသော မြို့လယ်ရှိ သမိုင်းဝင်အဆောက်အအုံများကလည်း မြို့၏သမိုင်းကြောင်းကို ထင်ဟပ်နေစေပေသည်။ တစ်ချိန်က ကမ္ဘာအနှံ့မှကုန်သည်များက ၎င်းတို့၏ တွန်းလှည်းကြီးများထဲမှ ကုန်စည်များကိုထုတ်ယူ၍ ခင်းကျင်းရောင်းချခဲ့ရာနေရာများ၌ ယနေ့ခေတ်တွင်မူ ခမ်းနားလှသည့်မျက်နှာစာများနှင့် စပက်ခ်ဟော့ဖ် (Speck’s Hof) နှင့် ဘာသဲဟော်ဖ် (Barthels Hof) ကဲ့သို့ ဈေးရုံတန်းများ တည်ရှိနေပြီဖြစ်သည်။ မက်ဒလာစင်္ကြံ (Mädler) သည် ဂိုသေး (Goethe) ကျောင်းသားဘဝက မကြာခဏလာရောက်လေ့ရှိသော သမိုင်းဝင်ယမကာဆိုင် အာဝါဘက်စ်ကဲလာ (Auerbachs Keller) တည်ရှိရာဖြစ်ပြီး နောက်ပိုင်းတွင် ၎င်း၏ဖောက်စ် (Faust) ပြဇာတ်အတွက် ဆက်တင်နေရာအဖြစ်အသုံးပြုခဲ့သည်။ ဈေးရုံတန်းများ၏ထူးခြားပြောင်မြောက်သော သမိုင်းဝင်ဗိသုကာလက်ရာများကြောင့် ရာသီဥတုမသာယာလျှင်ပင် ဝင်ရောက်စူးစမ်းချင်အောင်ဆွဲဆောင်နေပေသည်။

သက်ဝင်ခံစားအနုပညာ

ခွန်စ့်ခက်ဗယက် (Kunstkraftwerk) က အနုပညာကို အတွေ့အကြုံအဖြစ် ပြောင်းလဲနိုင်၏။
ခွန်စ့်ခက်ဗယက် (Kunstkraftwerk) က အနုပညာကို အတွေ့အကြုံအဖြစ် ပြောင်းလဲနိုင်၏။ | ဓါတ်ပုံ။ ။ ©picture alliance/dpa/Waltraud Grubitzsch
လိုက်ပ်ဇစ်မြို့ အနောက်ပိုင်းရှိ ခွန်စ့်ခက်ဗယက် (Kunstkraftwerk) ၏ ရိုးရိုးစင်းစင်းအုတ်မျက်နှာစာနောက်တွင် ရောင်စုံကမ္ဘာငယ်တစ်ခု ပုန်းလျှိုးလျက်ရှိသည်။ ရိုးစင်းသောဗြောင်နံရံများဖြင့်ဝန်းရံထားသော တံခါးဝမှတစ်ဆင့် နာမည်ကျော်အနုပညာရှင်များ၏လက်ရာများနှင့် ဇာတ်လမ်းကြောင်းများကို မီးများ၊ အသံများဖြင့် အသေးစိတ်ကျကျပြန်လည်ဖန်တီးထားသည့် ဆန်းပြားလှသောအတွေ့အကြုံသစ်တစ်ခုဆီသို့ လျှောက်လှမ်းကြည့်ပါ။ ဗန်ဂိုးလ် (Van Gogh) ၏ ပန်းချီမှရောင်စုံအစက်အပြောက်များက နံရံများပေါ်တွင် တေးဂီတနှင့်စည်းချက်ကျကျယိမ်းနွဲ့လွင့်ပါးလျက်ရှိပြီး အဲလစ်နှင့်အံ့ဖွယ်ကမ္ဘာ (Alice in Wonderland) ထဲမှ ယုန်ကလေးက ကပ်လျှက်ရှိပိုက်အနောက်ထဲသို့ ပုန်းလျှိုးပျောက်ကွယ်သွားပါသည်။ ခင်းကျင်းပြသမှုများမှာ အမြဲတစေပြောင်းလဲနေသည့်အတွက် တစ်ကြိမ်ထက်ပို၍သွားရောက်လည်ပတ်သင့်ပါသည်။

လိုက်ပ်ဇစ်မြို့နှင့်ငြိမ်းချမ်းသောတော်လှန်ရေး

ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ)တွင် ငြိမ်းချမ်းသော တော်လှန်ရေးအစပြုရာဟုဆိုနိုင်သော ၁၉၈၉၊ အောက်တိုဘာလ ၉ ရက်နေ့၏ တနင်္လာနေ့ ဆန္ဒပြပွဲ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပသော လိုက်ပ်ဇစ် မီးထွန်းပွဲတော်။
ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ)တွင် ငြိမ်းချမ်းသော တော်လှန်ရေးအစပြုရာဟုဆိုနိုင်သော ၁၉၈၉၊ အောက်တိုဘာလ ၉ ရက်နေ့၏ တနင်္လာနေ့ ဆန္ဒပြပွဲ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပသော လိုက်ပ်ဇစ် မီးထွန်းပွဲတော်။ | ဓါတ်ပုံ။ ။ © picture alliance/dpa/Alexander Schmidt
အစိတ်စိတ်အမွှာမွှာကွဲပြားခဲ့သော ဂျာမန်သမိုင်းကြောင်း၏အရိပ်အယောင်များကို လိုက်ပ်ဇစ်မြို့တွင်တွေ့နိုင်ပါသေးသည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ တနင်္လာနေ့၌ ငြိမ်းချမ်းစွာဆန္ဒပြ၍ ဂျာမန်အရှေ့ပိုင်းနှင့်အနောက်ပိုင်းတို့ကိုပြန်လည်ပေါင်းစည်းခဲ့မှုတွင် လိုက်ပ်ဇစ်မြို့က အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ထိုနေ့တွင်  ဆန္ဒဖော်ထုတ်သူပေါင်း ၇၀,၀၀၀ စုရုံး၍ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) အစိုးရ၏လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များကို သပိတ်မှောက်သည့်အနေဖြင့် “Wir sind das Volk!” (ငါတို့ဟာပြည်သူလူထုဖြစ်တယ်။) ဟုကြွေးကြော်ခဲ့ကြသည်။ ဓာတ်ပုံဆရာ ဇိဘတ် စကက်ခ် (Siegbert Schefke) နှင့် ဂျာနယ်လစ် အာရမ် ရာဒွန်စကီ (Aram Radomski) တို့က ထိုည၏အံ့မခန်းပုံရိပ်များကို ဝါးတားတားဖလင်မှတ်တမ်းတစ်ခုလျှို့ဝှက်ရိုက်ကူးနိုင်ခဲ့ပြီး‌ နောက်ပိုင်းတွင် နိုင်ငံပိုင်တယ်လီဗေးရှင်းမျက်နှာပြင်များ၌ရုတ်ချည်းပြသခဲ့သည့်အတွက် အရှေ့ဂျာမနီ၏နိုင်ငံရေးဦးဆောင်မှုမှာ အရေးနိမ့်ခဲ့ပြီဖြစ်ကြောင်း အထင်အရှားလှစ်ဟပြသနိုင်ခဲ့ပေသည်။ “ Zeitgeschichtliches Forum” (ခေတ်ပြိုင်သမိုင်းဖိုရမ်) တွင် ထိုသမိုင်းဝင်နေ့၏ အားမာန်တက်ကြွဖွယ်ဖြစ်ရပ်မှတ်တမ်းများကို နေ့စဉ်ခင်းကျင်းပြသထားသည်။ နှစ်စဉ် အောက်တိုဘာလ (၉) ရက်နေ့တွင် ငြိမ်းချမ်းသောတော်လှန်ရေးအထိမ်းအမှတ်အဖြစ်မီးလုံးပေါင်းများစွာတပ်ဆင်၍ မီးထွန်းပွဲတော်ကျင်းပကာ လာရောက်လည်ပတ်သူများကိုဖိတ်ခေါ်လျက်ရှိသည်။ လိုက်ပ်ဇစ်မြို့နေ ပြည်သူများသည် ညနေခင်းတွင် ဩဂတ်စ်တက်စ်ပလက်ဇ် (Augustusplatz) ၌ စုဝေးကြပြီး ပန်နိုရာမာတာဝါ၏ပြတင်းပေါက်များမှ မီးလုံးများဖြင့် “၈၉” ဟုပုံဖော်ကာ ထောင်သောင်းမကထွန်းညှိထားသောဆီမီးခွက်များကလည်းအလွန်ထူးခြားသည့်သွင်ပြင်တစ်ခုကို ဖော်ဆောင်နေပေသည်။
 

အကြားအာရုံနှင့်စိတ်နှလုံးအတွက် တေးသွားတစ်ခု

ဂန္တဝင်ဂီတ၏ ပရိတ်သတ်များအတွက်နေရာ။   ။ လိုက်ပ်ဇစ်မြို့၏ ဩဂတ်စ်တက်စ်ရင်ပြင်သည် ဂေဗန်းဟောက်ဇ် (Gewandhaus) ဘယ်ဘက်မှပုံ နှင့် အော်ပရာ ပြဇာတ်ရုံ (ပုံတွင်မပါပါ။) တို့၏ဘူမိနက်သန်ဖြစ်သည်။
ဂန္တဝင်ဂီတ၏ ပရိတ်သတ်များအတွက်နေရာ။ ။ လိုက်ပ်ဇစ်မြို့၏ ဩဂတ်စ်တက်စ်ရင်ပြင်သည် ဂေဗန်းဟောက်ဇ် (Gewandhaus) ဘယ်ဘက်မှပုံ နှင့် အော်ပရာ ပြဇာတ်ရုံ (ပုံတွင်မပါပါ။) တို့၏ဘူမိနက်သန်ဖြစ်သည်။ | ဓါတ်ပုံ။ ။ © picture alliance/dpa/dpa-Zentralbild/Jan Woitas
မြို့လယ်ရှိဩဂတ်စ်တက်စ်ပလက်ဇ်တွင် လိုက်ပ်ဇစ် ဂေဗန်းဟောက်ဇ် (Leipzig Gewandhaus) နှင့် အော်ပရာပြဇာတ်ရုံတို့ ရှိပါသည်။ ပြဇာတ်ရုံ၏ဂီတသမိုင်းကြောင်းမှာ ၁၅ ရာစုကတည်းကစတင်ခဲ့သော်လည်း ယခင် ဂေဗန်းဟောက်ဇ်အဆောက်အအုံနှစ်ခု၏အမည်ကိုဆက်ခံ၍ ၁၉၈၁ ခုနှစ်တွင် နောက်ဆုံးဂေဗန်းဟောက်ဇ်ကို ဖွင့်လှစ်ခဲ့သည်။ ဗိသုကာပညာရှင် ရုဒေါ့ဖ် ရှကိုးဒါ (Rudolf Skoda)၊ အီဘာဟက်တ် ဂါရှယ်လ် (Eberhard Göschel)၊ ဖော်ကာ ဆိဂ် (Volker Sieg) နှင့် ဝင်းဖရီး ဆီရေဂိုလီရက် (Winfried Sziegoleit) တို့ကဒီဇိုင်းဆွဲခဲ့ပြီး ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) အတွင်း စီမံကိန်းရေးဆွဲ၍တည်ဆောက်ခဲ့သည့် တစ်ခုတည်းသောပြဇာတ်ရုံဖြစ်သည်။ အသံပျံ့နှံ့မှုကောင်းမွန်လှသည့် ခံ့ညားထည်ဝါသောခန်းမကြီးဆီသို့ လာရောက်လည်ပတ်သူများသည်ကမ္ဘာတစ်ဝန်းကျော်ကြားသော ဂေဗန်းဟောက်ဇ် သံစုံတီးဝိုင်းမှ ဂီတမှူး အန်းဒရစ် နယ်လ်ဆင် (Andris Nelsons) ၏အချက်ပြလမ်းညွှန်မှုဖြင့် မိုးဇက်နှင့်ဗီသိုဗင်တို့၏ တေးသွားများကို သာယာနာပျော်ဖွယ်တီးခတ်သံများနှင့် ဧည့်အနုပညာရှင်များ၏ဂီတသံတို့ကို နားသောတဆင်နိုင်ပေသည်။ ခန်းမကြီးမှာ ကျက်သရေနှင့်ပြည့်စုံလှ၍ရင်သပ်ရှုမောဖွယ်အတိဖြစ်ကာ ခန်းမအဝင်မျက်နှာကြက်တွင် Gesang vom Leben (ဘဝတေး) ဟုလိုက်ဖက်စွာအမည်ပေးထားသော (ဇိဟက်ဂေးလ် (Sighard Gille) ၏ လက်ရာ ပန်းချီကားချပ်ကြီးကိုချိတ်ဆွဲထားရာ အနုစိတ်လက်ရာမြောက်လှသည့်အတွက် လာရောက်လည်ပတ်သူများကိုဆွဲဆောင်နေပေတော့သည်။

စက်မှုဇုန်တစ်ဝိုက် စက်ဘီးဖြင့်လည်ပတ်ခြင်း

ယနေ့ခေတ် ဝါဂွမ်းစက်ရုံဟောင်းက များစွာသော တီထွင်ဖန်တီးမှု စိတ်ကူးများအတွက် အိမ်သဖွယ်နေရာတစ်ခုဖြစ်သည်။
ယနေ့ခေတ် ဝါဂွမ်းစက်ရုံဟောင်းက များစွာသော တီထွင်ဖန်တီးမှု စိတ်ကူးများအတွက် အိမ်သဖွယ်နေရာတစ်ခုဖြစ်သည်။ | ဓါတ်ပုံ။ ။ ©picture alliance/dpa/dpa-Zentralbild/Jan Woitas
လိုက်ပ်ဇစ်မြို့အနောက်ပိုင်းရှိ ပလက်ဝစ်ဇ် (Plagwitz) နှင့် လင်ဒနောင် (Lindenau) ခရိုင်များမှာ စက်မှုသမိုင်းကြောင်းဖြင့်ထင်ရှားသည်။ ခမ်းနားထည်ဝါသောစက်မှုဗိသုကာများကို ယနေ့ထက်တိုင်ထိန်းသိမ်းထားပြီး အနုပညာပြခန်းတို့ဖြင့်တစ်မျိုးတစ်ဖုံအသစ်တဖန်အသက်ဝင်နေပေသည်။ ၂၀ ရာစုဦး၌ ဥရောပတွင်အကြီးဆုံးဖြစ်ခဲ့သည့် ဝါဂွမ်းစက်ရုံဟောင်းကိုကြည့်လျှင် ခေတ်သမိုင်းကြောင်းခိုင်မာသည်မှာ အထူးမြင်သာပေသည်။ ယနေ့ခေတ်တွင် ချည်ထုတ်လုပ်ခြင်း မရှိတော့သော်လည်း စက်ရုံတွင်းရှိ စတူဒီယိုများ၊ ပြခန်းများ၌ အမျိုးမျိုးသောအနုပညာရှင်များက ၎င်းတို့၏ဆန်းသစ်သောလက်ရာများကို ခင်းကျင်းပြသလျက်ရှိပေသည်။ စတီးပိုက်အဟောင်းများဖြင့် အနုစိတ်ပန်းပုရုပ်များပြုလုပ်ခြင်း၊ နိုင်ငံရေးအရိပ်အငွေ့ပါသော ခံစားမှုရသအသားပေးပန်းချီများ သို့မဟုတ် ဘက်စုံမီဒီယာအခန်းများကဲ့သို့ အမျိုးမျိုးသောအနုပညာများကို “ချည်မှသည် ယဉ်ကျေးမှုသို့” ဟူသော ဆောင်ပုဒ်လက်ကိုင်ထား၍ဖန်တီးကြပါသည်။ သမိုင်းဝင်အဆောက်အဦးအတွင်းရှိစတူဒီယိုများကို လိုက်ပ်ဇစ်မြို့ အနုပညာပြခန်းများ၏အချက်အချာအဖြစ်သတ်မှတ်ကြပြီး နီရိုရောက်ချ် (Neo Rauch) ကဲ့သို့ နာမည်ကျော်အနုပညာရှင်များသည် ၁၉၉၀ ခုနှစ်များတွင်စတင်ခဲ့သည့် ပန်းချီအနုပညာ အရွေ့တစ်ခုဖြစ်သော “လိုက်ပ်ဇစ် အနုပညာမျိုးဆက်သစ်” အပေါ် သက်ရောက်မှုကြီးမားခဲ့သည်။ ထိုနေရာတစ်ခုလုံး၏ ထူးခြားသောအသွင်အပြင်များကို စက်ဘီးတစ်စီးဖြင့်လှည့်လည်လေ့လာလျှင်အကောင်းဆုံးဖြစ်သည်။ ဝီလ်ဟန်ခေတ်လက်ရာဟန် အဆောက်အအုံများ၊ သမိုင်းဝင်စက်ရုံများ၊ အရောင်အသွေးစုံလင်သောနံရံပန်းချီများနှင့် ကားလ်ဟိန်းတူးမြောင်းတစ်ခွင် စက်ဘီးစီးကြည့်ပါ။

ခွာသံများ၊ ဦးထုပ်အနားပြန့်နှင့် ပေါက်ပေါက်ဆုပ်

လိုက်ပ်ဇစ် မြင်းပြိုင်ကွင်းက မြင်းပြိုင်ပွဲကျင်းပသည်သာမက အခြား ပွဲအခမ်းအနားများလည်း လက်ခံကျင်းပသည်။
လိုက်ပ်ဇစ် မြင်းပြိုင်ကွင်းက မြင်းပြိုင်ပွဲကျင်းပသည်သာမက အခြား ပွဲအခမ်းအနားများလည်း လက်ခံကျင်းပသည်။ | ဓါတ်ပုံ။ ။ © picture alliance/dpa/ dpa-Zentralbild/Sebastian Willnow
နှစ်ပေါင်း ၂၅၀ သက်တမ်းကျော်ရှိသည့် ရှိုင်းဗန်ဟို့ဇ် (Scheibenholz) မြင်းပြိုင်ကွင်းမှာ လိုက်ပ်ဇစ်မြို့၏သက်တမ်းအရင့်ဆုံး အားကစားအဆောက်အအုံဖြစ်ပါသည်။ မေလ (၁) ရက်နေ့တွင်ကျင်းပလေ့ရှိသည့်ဖွင့်ပွဲနေ့၌ မြင်းပြိုင်ပွဲရာသီ၏ပထမဦးဆုံးပြိုင်ပွဲကျင်းပပြီး ပွဲကြည့်ပရိသတ်များကိုအဖြူရောင်အထူးတန်းတွင်လာရောက်ကြည့်ရှုရန် ယနေ့ထက်တိုင်ဆွဲဆောင်နေဆဲဖြစ်သည်။ ပုံမှန်အချိန်ဇယားသတ်မှတ်ထားသည့် ပြိုင်ပွဲတစ်ပွဲနှင့်တစ်ပွဲအကြား မြင်းများ အနားယူချိန်တွင် မြင်းပြိုင်ကွင်းကို ဘီယာဥယျာဉ်နှင့်လေဟာပြင်ဈေးပွဲတော်ကဲ့သို့ အခြားပွဲများကျင်းပရန် ဖွင့်ပေးပါသည်။ နွေး‌ထွေးသောနွေညနေခင်းများတွင်သက်သောင့်သက်သာရှိသည့် ပက်လက်ကုလားထိုင်များပေါ် လှဲလျောင်းရင်း ရုပ်ရှင်ကြည့်နိုင်သည့်အတွက် နွေရာသီတွင် လေဟာပြင်ရုပ်ရှင်ရုံမှာ မသွားမဖြစ်ဖြစ်သည်။

လိုက်ပ်ဇစ်စစ်ပွဲ အထိမ်းအမှတ်အဆောက်အအုံ

နပိုလီယန်တပ်ကိုအနိုင်ရခဲ့သောအထိမ်းအမှတ် နိုင်ငံစုံတိုက်ပွဲ၏အထိမ်းအမှတ်အဆောက်အအုံ။
နပိုလီယန်တပ်ကိုအနိုင်ရခဲ့သောအထိမ်းအမှတ် နိုင်ငံစုံတိုက်ပွဲ၏အထိမ်းအမှတ်အဆောက်အအုံ။ | ဓါတ်ပုံ။ ။ © Adobe
လွန်ခဲ့သောနှစ်ပေါင်း (၂၀၀) ကျော်ခန့်က လိုက်ပ်ဇစ်မြို့အဝင်ဂိတ်၏အပြင်ဘက်တွင် စစ်ပွဲကြီးဖြစ်ပွားခဲ့ပြီး ရုရှား၊ ပရူရှား၊ ဩစတြီးယားနှင့် ဆွီဒင်တို့၏မဟာမိတ်တပ်များက နပိုလီယန်တပ်ကိုအနိုင်ရခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲများအနက် အကြီးမားဆုံးနှင့်အရေးအကြီးဆုံးတိုက်ပွဲဖြစ်သော နိုင်ငံစုံတိုက်ပွဲ၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၁၃ ခုနှစ်တွင် ဥရောပ၏အကြီးမားဆုံးအထိမ်းအမှတ်အဆောက်အအုံကို ဆောက်လုပ်ခဲ့ပါသည်။ ကျဆုံးလေပြီးသောစစ်သားများနှင့်ဂျာမနီနိုင်ငံလွတ်လပ်ရေးရရှိမှုကိုဂုဏ်ပြုသည့်အနေဖြင့်  ထိုအထိမ်းအမှတ်အဆောက်အအုံကို ဆောက်လုပ်ခဲ့ပြီး ဝီလ်ဟန် (၂) ဘုရင်ကဖွင့်ပွဲကျင်းပခဲ့ပါသည်။ လူထု၏ ရဲရင့်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ယုံကြည်မှုနှင့် စွမ်းရည်တို့ကိုထင်ဟပ်စေသည့် ကျော်စောမှုခန်းမရှိ ဧရာမရုပ်တုကြီးလေးရုပ်အပါအဝင် အဆောက်အအုံအတွင်းရှိ စစ်မှုရေးရာရုပ်ကြွရုပ်လုံးများကပုံဖော်နေသည့် အာဏာစွမ်းပကားကို နောက်ပိုင်းအစိုးရများကလည်း ဆက်လက်ကျင့်သုံးအသုံးချကြပါသည်။ ဂျာမန်လူထု၏အနိုင်မခံအရှုံးမပေးမှုကိုကိုယ်စားပြုသော အမှတ်သင်္ကေတဖြစ်သည့်အတွက် အမျိုးသားဆိုရှယ်လစ်ဝါဒနှင့်စပ်လျဉ်းသည့် လူထုစည်းဝေးပွဲများကျင်းပရာနေရာဖြစ်လာပြီး ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံခေတ်တွင် ဂျာမန် - ဆိုဗီယက် သေဖော်ရှင်ဖက် စစ်သည်ဆက်ဆံရေး၏အမှတ်အသားဖြစ်လာပါသည်။ ယနေ့ခေတ်တွင်မူ ဥရောပနိုင်ငံများအတွင်းငြိမ်းချမ်းရေးတည်မြဲရန်အရေးကြီးကြောင်းအမှတ်ရစေသည့် အထိမ်းအမှတ်တစ်ခု၊ နှိုးဆော်မှုတစ်ခုအဖြစ်သာ မှတ်ယူကြတော့သည်။ လာရောက်လည်ပတ်သူများသည် (၉၁) မီတာအမြင့်ရှိသော မျက်နှာစာပေါ်သို့တက်ရောက်နိုင်သကဲ့သို့ အတွင်းထဲသို့လည်းဝင်ရောက်စူးစမ်းလေ့လာနိုင်ပါသည်။ အခန်းထောင့်များကိုကျက်သရေဆောင်နေသော ကျောက်သားစစ်သည်ရုပ် (၁၆) ရုပ်ရှိရာ လှိုဏ်မှသည်ဧရာမအမိုးခုံးအထိမော့ကြည့်နိုင်ပါသည်။ ကြီးမားကျယ်ပြောလှသည့်အဆောက်အအုံကြီး၏အသံပျံ့နှံ့မှု အထူးသဖြင့် လှိုဏ်အပေါ်ထပ်ရှိပြခန်း၏အသံပျံ့နှံ့မှုမှာ ထူးခြားလှသည့်အတွက် သံစုံကျူးအဖွဲ့၏ဖျော်ဖြေပွဲများနားဆင်ရန် အကြံပြုလိုပါသည်။ ကပ်လျှက်ရှိ ဖိုရမ် ၁၈၁၃ ပြတိုက်မှာ အထိမ်းအမှတ်အဆောက်အအုံ၏သမိုင်းကြောင်းများကို သက်ဝင်ထင်ရှားစေပေသည်။
  

ခေတ်ဆန်ဆန်ရပ်ကွက်တစ်ခုမှာ သက်သောင့်သက်သာအပန်းဖြေပါ။

ါလိဗ်ရှနက်လမ်း (Karl Liebknecht) မှ များစွာသော ကော်ဖီဆိုင်ငယ်များ၊ စားသောက်ဆိုင်များ၊ ယာမကာဆိုင်များသည် ညနေခင်းလည်ပတ်ရန် အကောင်းဆုံးနောက်ခံကားချပ် တစ်ခုပင်ဖြစ်သည်။
ါလိဗ်ရှနက်လမ်း (Karl Liebknecht) မှ များစွာသော ကော်ဖီဆိုင်ငယ်များ၊ စားသောက်ဆိုင်များ၊ ယာမကာဆိုင်များသည် ညနေခင်းလည်ပတ်ရန် အကောင်းဆုံးနောက်ခံကားချပ် တစ်ခုပင်ဖြစ်သည်။ | ဓါတ်ပုံ။ ။ ©picture alliance/Global Travel Images/Juergen Held
ဆုဒ်ဗိုရှတက် (Südvorstadt) တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်ရှိ လိုက်ပ်ဇစ်မြို့၏ ခါလီ (KarLi) ဟု အတိုကောက်ခေါ်ကြသည့် ခါလိဗ်ရှနက်လမ်း (Karl Liebknecht) မှ ယာမကာဆိုင်တန်း၏မြူးမြူးကြွကြွပတ်ဝန်းကျင်တွင် အလုပ်မှအပြန် ဘီယာဝင်သောက်ကြည့်ပါ။ ကော်ဖီဆိုင်ငယ်များ၊ စားသောက်ဆိုင်များ၊ အိုင်းရစ်ယာမကာဆိုင်များစသည်ဖြင့် နှစ်သက်သလိုရွေးချယ်နိုင်ပြီး အထူးသဖြင့် နွေရာသီတွင်ရောင်စုံမီးကြိုးလေးများဟိုဟိုဒီဒီသွယ်တန်းထားပြီး ကုလားထိုင်များ၊ စားပွဲများစုဝေးခင်းကျင်းထားသည့်နေရာ၌ ဝင်ထိုင်ကြည့်ပါ။ ယခင်ကစည်သွတ်စားသောက်ကုန်များထုတ်လုပ်ခဲ့သည့် ဗွီအီးဘီဟောင်း (Volkseigenen Betrieb သို့မဟုတ် အများပိုင်လုပ်ငန်း) Löffelfamilie ၏ထင်သာမြင်သာ နီယွန်ဆိုင်းဘုတ်မှနီယွန်မီးများမှာ အထူးသဖြင့်ညဘက်တွင်အတိတ်ကာလကိုအောက်မေ့လွမ်းဆွတ်အောင် အမြင်အာရုံဖမ်းစားနိုင်သည့်အတွက် မျက်စိလျှမ်းဖွယ်ရာမရှိပါ။

ကျောက်မီးသွေးနုတွင်းဟောင်းပေါ် ရွက်လှေလွှင့်ခြင်း။

လိုက်ပ်ဇစ်မြို့၊ ကော့စပူဒန်ကန် (Cospuden) ကဲ့သို့နေရာတွင် ရေလွှာလှိုင်းလည်းစီးနိုင်သည်။
လိုက်ပ်ဇစ်မြို့၊ ကော့စပူဒန်ကန် (Cospuden) ကဲ့သို့နေရာတွင် ရေလွှာလှိုင်းလည်းစီးနိုင်သည်။ | ဓါတ်ပုံ။ ။ © picture alliance/dpa/dpa-Zentralbild/Peter Endig
ကျောက်မီးသွေးနုတူးဖော်သည့်ခေတ်ကုန်ဆုံးသွားပြီးနောက် လိုက်ပ်ဇစ်မြို့၏တောင်ပိုင်းဒေသကို ပြန်လည်တည်ဆောက်ခဲ့ပြီး မိုင်းတွင်းဟောင်းနေရာများတွင်ရေကန်များစွာပေါ်ပေါက်လာသည့်အတွက် ကုန်း၊ ရေအသွယ်သွယ်မှ ဆွဲဆောင်မှုများက လာရောက်လည်ပတ်သူများကို မပြန်ချင့်စဖွယ်သွေးဆောင်နေပါသည်။ ထိုဆွဲဆောင်မှုများတွင် ကော့စပူဒန်ကန် (Cospuden) ကန်ရှိ ရွက်လှေဆိပ်၊ ကော့ဝစ်ဇ်ကန် (Kulkwitz) ရှိ ရေအားကစားရုံနှင့် မာ့ခ်ကလီးဘတ်ကန် (Markkleeberg) ရှိ ကနူးလှေဥယျာဉ်နှင့်ဖောင်စီးသင်တန်းတို့အပါအဝင်ဖြစ်သည်။ ရှတွန်တဲကန် (Störmthal) နှင့် မာ့ခ်ကလီးဘတ်ကန် (Markkleeberg) တစ်ဝိုက်မှ တောတောင်သွင်ပြင်များကိုကြည့်ရှု၍ ထိုဒေသ၏ဘူမိဗေဒသမိုင်းကြောင်းကိုစူးစမ်းလေ့လာကြည့်ပါ။ သို့မဟုတ် ကော့စပူဒန်ကန်တစ်ဝိုက်ဝေ့ဝိုက်ခင်းထားသောလမ်းပေါ်တွင် စကိတ်စီးကြည့်ပါ။ ထို့နောက် အနားယူအားဖြည့်ရန်အတွက် ကော့စပူဒန်ကန်၏ကမ်းခြေဘားမှအအေးဝယ်သောက်၍ ကမ်းခြေတွင် နေပူစာလှုံကြည့်ပါ။

အရသာရှိသောကော်ဖီတစ်ခွက်ထက် သာလွန်သောအရာမရှိပါ။

အေးစိမ့်သော သံပုရာရည်တစ်ခွက်ဖြင့် နေရောင်ခြည်အောက်တွင် အပန်းဖြေခြင်းထက်သာလွန်သောအရာ ရှိနိုင်ပါ့မလား။ ZierlichManierlich ကဖေးမှအဖွဲ့သားများ။
အေးစိမ့်သော သံပုရာရည်တစ်ခွက်ဖြင့် နေရောင်ခြည်အောက်တွင် အပန်းဖြေခြင်းထက်သာလွန်သောအရာ ရှိနိုင်ပါ့မလား။ | ဓါတ်ပုံ။ ။ © Salomé Joannic
“ကော်ဖီဆက်ဇွန်” ဟုအမည်တွင်ရသည်မှာ အကြောင်းမဲ့မဟုတ်ဟု ဂုဏ်ယူဝင့်ကြွားစွာဆိုတတ်ကြသည်။ လက်ဖက်ရည်နှင့်ချောကလက်တို့အပြင် လွန်ခဲ့သောနှစ်ပေါင်း (၃၀၀) ကျော်မှသည် ယနေ့ထက်တိုင်ကျော်ကြားလျှက်ရှိသော ပူပူနွေးနွေးသောက်ဖွယ်တစ်မျိုးမှာ ဆက်ဇွန်လူမျိုးတို့ကိုရင်ခုန်သံမြန်စေသည်။ ထိုအချိန်မှစ၍ ဗီယမ်နာစတိုင်ကော်ဖီဆိုင်ဖြစ်သော “Riquet” နှင့် ကော်ဖီသမိုင်းပြတိုက်နှင့်တွဲဖွင့်ထားသည့် ဂျာမနီ၏သက်တမ်းအရင့်ဆုံးကော်ဖီဆိုင် “Zum Arabischen Coffe Baum” တို့ကဲ့သို့ များစွာသောကော်ဖီဆိုင်များကြောင့် လိုက်ပ်ဇစ်မှာထင်ရှားသည်။ ဂိုသေး၊ ဘက်ရှ် နှင့် ရှူးမန်းတို့မှာ ဖောက်သည်များဖြစ်သည်ဟု ဆိုကြသည်။ သမိုင်းဝင်မြို့လယ်ရှိရိုးရာဆိုင်များအပြင် မြို့၏အခြားနေရာများတွင်လည်း နှစ်လိုဖွယ်ကော်ဖီဆိုင်ငယ်များစွာဖွင့်လှစ်ထားပါသည်။ အစိမ်းရောင်ဆပ်ကပ်တွန်းလှည်းတစ်စီးမှ သံပရာရည်မှာပြီး နေသာသာမြစ်ကမ်းနဘေးတွင်ထိုင်မသောက်ဖူးပါက ZierlichManierlich ဟု အမည်ရသော တွန်းလှည်းကော်ဖီဆိုင်ငယ်လေးသို့သွားကြည့်သင့်ပါသည်။ ထိုဆိုင်လေးမှာ ရစ်ချက်ဗာဂနာပန်းခြံ (Richard Wagner) သို့ လာရောက်လည်ပတ်သူများကိုဆွဲဆောင်နေပြီး နွေဦးမှသည်ဆောင်းဦးအထိ စားသောက်ဖွယ်ရာမျိုးစုံရောင်းချသည့်အတွက် ပက်လက်ကုလားထိုင်များတွင်သက်သောင့်သက်သာထိုင်ရင်း မြစ်အလှကိုရှုစားနိုင်ပေသည်။
 

မြို့ပြလမ်းညွှန်

ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေကူးခြင်း။    ။ ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့်ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်မားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။