မြို့ပြလမ်းညွှန်။ ။Hannover
ကမ္ဘာပေါ်တွင်ထင်ရှားသင့်ပါလျှက် လူသိအနည်းဆုံးဖြစ်နေသောမြို့တစ်မြို့

မည်သူကများ အပူနှင့်စွမ်းအင်စက်ရုံပေါင်းစပ်မှုဖြစ်တဲ့ ပန်းရောင်အဆောက်အဦးကို ကြွားဝါနိုင်မှာလဲ။ ကမ္ဘာပေါ်မှာထင်ရှားသင့်ပါလျှက် လူသိအနည်းဆုံးဖြစ်နေတဲ့ ဟန်နိုဗာ (Hannover) ပေါ့။
မည်သူကများ အပူနှင့်စွမ်းအင်စက်ရုံပေါင်းစပ်မှုဖြစ်တဲ့ ပန်းရောင်အဆောက်အဦးကို ကြွားဝါနိုင်မှာလဲ။ ကမ္ဘာပေါ်မှာထင်ရှားသင့်ပါလျှက် လူသိအနည်းဆုံးဖြစ်နေတဲ့ ဟန်နိုဗာ (Hannover) ပေါ့။ | ဓါတ်ပုံ။ ။ © Adobe

ငြီးငွေ့ဖွယ်ကောင်းသည်။ ထူးခြားမှုမရှိ။ ဟန်နိုဗာ (Hannover) အကြောင်း သင်မည်သို့ပင်ကြားဖူးထားစေကာမူ ဟန်နိုဗာမှာ ထိုသို့မဟုတ်ပါ။ ဟန်နိုဗာမြို့သည် ဘာလင် သို့မဟုတ် ဟမ်းဗတ်မြို့တို့ကဲ့သို့ပင် စိတ်လှုပ်ရှားဖွယ်ကောင်းပါသည်။ ပိုတည်တည်ငြိမ်ငြိမ်ရှိပြီး စိတ်ရှုပ်စဖွယ်များမရှိခြင်းသာ ဖြစ်သည်။ ကမ္ဘာပေါ်တွင်ထင်ရှားသင့်ပါလျှက်နှင့် လူသိအနည်းဆုံးဖြစ်နေသောမြို့တစ်မြို့ကို လည်ပတ်ကြည့်ရအောင်။ 

ရေးသားသူ​ Nadine Conti

ခမ်းကြီးနားကြီးနေထိုင်မှု နှင့် ဖြစ်ရပ်မှန်ရာဇဝတ်မှု

မြို့လယ်တွင်တည်ရှိသော မက်ရှ်ကန် (Maschsee)။ များစွာသော အပန်းဖြေစရာများရှိသည်။
မြို့လယ်တွင်တည်ရှိသော မက်ရှ်ကန် (Maschsee)။ များစွာသော အပန်းဖြေစရာများရှိသည်။ | ဓါတ်ပုံ။ ။ © Adobe
ဇီဝဗေဒအရ ရေသည်သက်ရှိလောက၏ရင်းမြစ်ဖြစ်သည်။ ဟန်နိုဗာတွင်လည်း သက်ရှိဟူသမျှသည် ရေရှိရာသို့အနှေးနှင့်အမြန်သွားရောက်ကြသည်။ တိတိကျကျဆိုရသော် မက်ရှ်ကန် (Maschsee) ဆီသို့ သွားကြပါသည်။ မြို့လယ်တည့်တည့်ရှိရေကန်တွင် ထူးထူးခြားခြားသမိုင်းကြောင်းရှိပြီး အကျိုးရှိရှိအချိန်ဖြုန်းတတ်လျှင် အနှေးပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စကိတ်စီးခြင်း သို့မဟုတ် လှေစီးခြင်းတို့ အေးအေးဆေးဆေးလုပ်ဆောင်သင့်သောနေရာတစ်ခုဖြစ်ပါသည်။ ဟန်နိုဗာ၏ (၉၆) ဘောလုံးကွင်း၊ လေဟာပြင်ဖျော်ဖြေပွဲများအတွက် ဂလိုက်ဥယျာဉ်စတိတ်စင်၊ အောက်ဆက်ဇွန်ပြည်နယ်ပြတိုက်၊ စပရင်ဂယ်လ် မော်ဒန်အနုပညာပြတိုက်နှင့် အန်ဒီအာ၏အသံလွှင့်စတူဒီယိုများသည်လည်း ကန်နှင့် နီးပါသည်။ ဇွန်လကုန်မှဩဂုတ်လအစအတွင်း နွေရာသီသုံးပတ်တာကာလတွင် စင်မြင့်ပေါင်းများစွာတည်ဆောက်၍ သီချင်းများ၊ စားပွဲရုံများ၊ အစားအသောက်များဖြင့် မက်ချ်ကန်ပွဲတော်ကျင်းပသဖြင့်  ကန်ကမ်းပါးနှင့်ကမ်းပါးနေပြည်သူတို့အတွက် အရေးပေါ်အခြေအနေကြုံရလေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်း ထိုပွဲတော်တွင်ပါဝင်ဆင်နွှဲရန် အနီးအနားမှလူပေါင်း (၂) သန်းခန့် လာရောက်ကြသည်။ ထူးထူးခြားခြားသမိုင်းကြောင်းကရော။ ရေကန်တူးဖော်ရန်စီမံကိန်းဆွဲခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း (၁၉၃၀) ခုနှစ်များရောက်မှသာ နာဇီတို့၏အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး ဟန်ပြစီမံချက်အဖြစ် ထိုလူလုပ်ကန်ကိုတူးဖော်ခဲ့ကြသည်။ မီးတုတ်ကိုင်ဆောင်သူရုပ်တုရှိရာ ကျောက်တိုင်ကြီးတွင် -“လုပ်အားကို မြတ်နိုးသောလက်ဖြင့် တည်ဆောက်လိုသောဆန္ဒကို အလုပ်ဖြင့်ကောင်းချီးပေးလေသည့်အတွက် ဤအချိန်မှစ၍ ဤရေကန်သည်လည်း ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ခွန်အားတို့ပေးစွမ်းလိမ့်မည်။ (၁၉၃၄ - ၁၉၃၆)” ဟု ကမ္ပည်းထိုးထားသည်။ (၂၀၁၂) ခုနှစ်၌ လမ်းသွားလမ်းလာတစ်ဦးက ရေကန်ထဲတွင် အမျိုးသမီးအလောင်းအစိတ်အပိုင်းများကို တွေ့ခဲ့သည့်အတွက် နာဇီလက်သစ်မုဒိမ်းသမား အလက်ဇန္တားကေ (Alexander K.) ခေါ် ဆက်ရှ်အက်စ်အမ် (Sash SM) ဆိုသည့်နောက်ခံသရုပ်ဆောင်ကိုဖမ်းဆီးခဲ့ရာ ၎င်း၏နာမည်ပွားများတွင် “မက်ရှ်ကန်မှလူသတ်သမား” ဟူသော နာမည်တစ်ခုပါတိုးလာပေသည်။
 

မျဉ်းကွေးပုံခရီး

မြို့တော်ခန်းမသစ်။ နေ့နှင့်ည လှပသောမြင်ကွင်းတစ်ခု။
မြို့တော်ခန်းမသစ်။ နေ့နှင့်ည လှပသောမြင်ကွင်းတစ်ခု။ | ဓါတ်ပုံ။ ။ ©picture alliance/Geisler-Fotopress/Ulrich Stamm
မြို့တိုင်းမြို့တိုင်းတွင် တစ်မြို့လုံးဖဝါးအောက်ရောက်နေသည်ကို အပေါ်မှစီးကြည့်၍ မြင်ကွင်းကျယ်နှင့်ဆယ်လ်ဖီဓာတ်ပုံရိုက်နိုင်သည့် တနင်္ဂနွေနေ့အပန်းဖြေလည်ပတ်ရန် အကောင်းဆုံးနေရာတစ်ခု ရှိတတ်စမြဲဖြစ်သည်။ ဟန်နိုဗာတွင် ထိုကဲ့သို့ရှုခင်းကြည့်နိုင်သောနေရာမှာ နျူး ရာ့ထ်ဟောက်စ် (Neue Rathaus) သို့မဟုတ် မြို့တော်ခန်းမသစ်ရှိအမိုးခုံး ဖြစ်ပါသည်။ ထိုနေရာသို့သွားရသည်ကပင် စိတ်ဝင်စားဖွယ်ကောင်းနေပါသည်။ မျဉ်းကွေးပုံရှိသောဓာတ်လှေကားက သစ်သားဓာတ်လှေကားလမ်းဟောင်းတစ်လျှောက် အံ့အားသင့်ဖွယ်၊ မူးနောက်နောက်ဖြစ်စဖွယ် တလိမ့်လိမ့်ဆင်းတက်နေသည်ကို မှန်မျက်နှာကြက်၊ မှန်ကြမ်းခင်းတို့မှဖောက်မြင်နေရပါသည်။ ကံမကောင်းစွာပင် ကိုဗစ်ကပ်ရောဂါကြောင့် ဓာတ်လှေကားထဲတွင်ခပ်ခွာခွာနေရန်မဖြစ်နိုင်သဖြင့် ဓာတ်လှေကားစီးခွင့်ယာယီပိတ်ထားပါသည်။ အမိုးခုံးပေါ်သို့ အခြားတက်ရန်လမ်းမရှိတော့သဖြင့် ပို၍ပင်နှမြောဖွယ်ကောင်းပါသည်။ ထို့အတွက် လာရောက်လည်ပတ်သူများအနေဖြင့် ကပ်ရောဂါကြီးပြီးသည်အထိစောင့်ကြရပေမည်။ ထိုအချက်မှလွဲ၍ ရာ့ထ်ဟောက်စ် (Rathaus)၊ ၎င်းရှေ့ရှိ ရင်ပြင် ထရမ်ပလာ့ဇ် (Trammplatz) နှင့် ၎င်းနောက်ရှိ မက်ရှ်ပန်းခြံ (Maschpark) တို့သည်လည်း သွားသင့်သောနေရာများဖြစ်ပါသည်။

အစဉ်အမြဲထူးခြားကွဲပြားနေသော

သမိုင်းစာမျက်နှာများတွင် “Chao stage Hannover” အဖြစ်မှတ်တမ်းတင်ထားသော ၁၉၉၅ ခုနှစ်က ပန့်ခ်များက တစ်ဖက် ရဲများကတစ်ဖက် ဖြစ်ပွားခဲ့သော အဓိကရုဏ်း။ ယနေ့အချိန်တွင်တော့ နော့ဒ်စတက်ခရိုင် (Nordstadt) တွင် ပိုမိုငြိမ်သက်အေးဆေးနေပြီဖြစ်သည်။
သမိုင်းစာမျက်နှာများတွင် “Chao stage Hannover” အဖြစ်မှတ်တမ်းတင်ထားသော ၁၉၉၅ ခုနှစ်က ပန့်ခ်များက တစ်ဖက် ရဲများကတစ်ဖက် ဖြစ်ပွားခဲ့သော အဓိကရုဏ်း။ ယနေ့အချိန်တွင်တော့ နော့ဒ်စတက်ခရိုင် (Nordstadt) တွင် ပိုမိုငြိမ်သက်အေးဆေးနေပြီဖြစ်သည်။ | ဓါတ်ပုံ။ ။ ©picture-alliance/dpa/Hollemann
လမ်းမပေါ်တွင် ပန့်ခ်နှင့်လက်ဝဲဝါဒီသမားများကတစ်ဖက်၊ ရဲများကတစ်ဖက် နာရီပေါင်းများစွာကြာအောင်အဓိကရုဏ်းဖြစ်ခဲ့ကြသည့် ၁၉၉၀ ခုနှစ်များအလယ်မှ သမိုင်းဝင် Chaostage ခေါ်ပရမ်းပတာနေ့ရက်များကို မှတ်မိကြပါသေးသလား။ မှန်ပါသည်။ ဤမြို့တွင်အဓိကရုဏ်းဖြစ်ခဲ့ကြပါသည်။ နော့ဒ်စတက်ခရိုင် (Nordstadt) ရှိ စပရင်ဂယ်လ် (Sprengel) ချောကလက်စက်ရုံဟောင်းကို (၁၉၈၀) ခုနှစ်တွင်ပိတ်သိမ်းခဲ့၍ (၁၉၈၇) ခုနှစ်အစောပိုင်းတွင် ကျူးကျော်သူများဝင်ရောက်နေထိုင်ခဲ့ကြကာ ထိုကျူးကျော်သူများကအဓိကရုဏ်းစခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ပြောင်းလဲမှုအမျိုးမျိုးဖြစ်ပွားခဲ့သည် ။ ယခုအခါတွင် ထိုနယ်မြေမှာငြိမ်သက်သွားပြီဖြစ်သော်လည်း ဒေသခံများကိုစည်းလုံးစေသည့်အချက်တစ်ချက်မှာ အနုပညာကိုအလေးမထားသော ရှေးရိုးဆန်ဆန်ဘဝထက်သာလွန်သော ဘဝနေထိုင်မှုပုံစံအပြောင်းအလဲကိုတောင့်တခြင်းဖြစ်သည်။ ယခုအခါ ထိုအဆောက်အအုံတွင် အလုပ်ရုံတစ်ခု၊ Volxküche ခေါ် အိမ်ယာမဲ့များအတွက် စုပေါင်းမီးဖိုချောင်၊ အရက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ကလေးထိန်းစင်တာတို့ပါဝင်သော လူနေစီမံကိန်းတစ်ခု လုပ်ဆောင်ခဲ့သည့်အတွက် စပရင်ဂယ်လ်မှာ လက်ဝဲယိမ်းဝါဒီ၊ သမားရိုးကျမဟုတ်သောနေထိုင်မှု နှင့် လိင်တူနှစ်သက်သူများအတွက် အဓိကနေရာတစ်ခုဖြစ်လာသည်။ ခရိုင်ထဲတွင် ဤတစ်နေရာတည်းရှိခြင်းမဟုတ်ပေ။ သမိုင်းဝင်အဆောက်အအုံများကိုပြန်လည်ပြုပြင်ထားသည့် ဈေးမြင့်မြင့်တိုက်ခန်းများ၏ပိုင်ရှင်များကြောင့် အသုံးပြုမှုပြဿနာသစ်များတိုးမြင့်ဖြစ်ပွားစေလျက်ရှိသော်လည်း တက္ကသိုလ်နောက်ကျောရှိ နော့ဒ်ရှတက် (Nordstadt) မှာ ကွဲပြားစုံလင်ပြီး ကျောင်းသားများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့်ပြည့်နှက်နေဆဲဖြစ်ပါသည်။ “အီးဒမ်” (E- Damm) ဟု အတိုကောက်ခေါ်ကြသော Engelbosteler Damm မှာပင်မလမ်းဖြစ်သည်။ အထူးသဖြင့် ပူအိုက်သောနွေညများတွင် လူသာရင်ဘုရားကျောင်းအနီးမှရင်ပြင်မှာ “မသွားမဖြစ်” ဖြစ်ပါသည်။ ကော်ဖီဆိုင်များ၊ အရက်ဆိုင်များ၊ ဈေးဆိုင်များ၏အသက်ဝင်ပြောင်းလဲနေသောအသွင်အပြင်များကြောင့် အစဉ်အမြဲ အသစ်အဆန်းတစ်ခုခုတွေ့နိုင်သည့်အတွက် နှစ်တစ်နှစ်၊ ရက်တစ်ရက်၏ မည်သည့်အချိန်တွင်မဆို ရပ်ကွက်တစ်ပတ်လမ်းလျှောက်ကြည့်သင့်ပါသည်။

သက်ဝင်လှုပ်ရှားမှုတို့ရှိရာ

လင်ဒန်ရပ်ကွက်။ “လင်မာ (limmern)” ဟုခေါ်သော ချိန်းတွေ့ တွေ့ဆုံရာ ထောင့်။
လင်ဒန်ရပ်ကွက်။ “လင်မာ (limmern)” ဟုခေါ်သော ချိန်းတွေ့ တွေ့ဆုံရာ ထောင့်။ | ဓါတ်ပုံ။ ။ © Adobe
နော့ဒ်စတက်ရှ်အကြောင်းပြောမည်ဆိုလျှင် လင်ဒန်အကြောင်းပါစမြဲဖြစ်သည်။ ထိုခရိုင်နှစ်ခုသည် “မြို့၏ခေတ်အဆန်ဆုံးနေရာ” ဟူသောဘွဲ့ကို နှစ်ပေါင်းများစွာယှဉ်လုလျှက်ရှိသည်။ ဒေသခံအချို့က ဘုရားအလိုတော်ကျဟု ဖြေကြမည်ဖြစ်သော်လည်း ထိုနှစ်နေရာလုံးတွင် စိတ်ဝင်စားဖွယ်အသီးသီးရှိပြီး သိသိသာသာမကွာခြားသည့်အတွက် သင်သွားလည်လျှင် မည်သည့်နေရာကပိုသာသာ အရေးစိုက်စရာမလိုပါ။ ဟန်းဗတ်မှလူငယ်များ လမ်းဘေးဆိုင်မှအရက်ဝယ်ကာ သူငယ်ချင်းများနှင့် လမ်းထောင့်တစ်ဝိုက်အရက်သောက်လေ့ရှိသည့် “ထောင့်” ဟူသောနေရာမှာ ဤမြို့တွင်တော့ “လင်မာ (limmern)” ဖြစ်သည်။ လင်မာလမ်းသည် ပါတီပွဲများကိုနှစ်သက်သူများအတွက် အစအဦးနေရာဖြစ်ပြီး လင်ဒန်မြောက်ပိုင်းတစ်လျှောက်ဆက်သွားကြပါသည်။ မတ်တပ်ရပ်အရက်သောက်ရမည်ဟု မဆိုလိုပါ။ လမ်း၏ဝဲယာတစ်ဖက်တစ်ချက်တွင် အရက်ဆိုင်များစွာရှိပါသည်။ လင်မာလမ်းသည် တန်ဂိုအကကနေသူများ၊ ပါတီတက်သူများ၊ စကိတ်စီးသူများ ရွှင်မြူးရာ ကူးဟန်ပန်းခြံ (Küchengarten) မှအစပြုပါသည်။ ကပ်လျက်ရှိ အင်းမယ်စင်တာ (Ihme Centre) ကမူ အခြားအချက်များကြောင့် သွားကြည့်သင့်သောနေရာတစ်ခုဖြစ်သည်။ (၁၉၆၀) ခုနှစ်များက အရက်စက်ဆုံးသော ဆောက်လုပ်ရေးရာဇဝတ်မှုကျူးလွန်ခဲ့ရာ နေရာများအနက်တစ်ခုဖြစ်ပြီး စွန့်ပစ်ခံနေရာတစ်ခုဖြစ်သည်ကတစ်ကြောင်း၊ အကြီးစားဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်သည်ကတစ်ကြောင်း၊ ရာဇဝတ်မှုဖြစ်ပွားခဲ့သည့်နောက်ကြောင်းကြောင့်တစ်ကြောင်း၊ ကြက်သီးထဖွယ်ခံစားချက်တစ်မျိုးပေးစွမ်းနေပါသည်။ ထိုအဆောက်အအုံကို ရုံးခန်းများ၊ တိုက်ခန်းများ၊ ဈေးဆိုင်များ၊ ယဉ်ကျေးမှုစင်တာများ တစုတဝေးတည်းဖွင့်လှစ်ပြီး “မြို့ထဲတွင် မြို့ငယ်တစ်မြို့” သဖွယ် တည်ဆောက်ရန်စီစဉ်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများသည် ထိုအဆောက်အအုံကြီးကိုပြန်လည်အသက်သွင်းရန်ကြိုးပမ်းသည်မှာ ယနေ့အချိန်ထိမအောင်မြင်သေးပေ။ သင့်အတွက် အလွန်ငြီးငွေ့ဖွယ်ကောင်းနေပါက လမ်းခဏလျှောက်လျှင်ရောက်နိုင်သော “Faust” “Glocksee” သို့မဟုတ် “Capitol”တို့တွင် ပွဲရက်များစုံစမ်းကြည့်ပါ။

မြူးကြွ၍အရောင်အသွေးစုံလင်သော

လိုင်းနာမြစ် (Leine) ကမ်းနဘေးရှိ နစ်ကီ ဒီ စိန့် ဖဲလ် (Niki de Saint Phalle) ၏ နနရုပ်ထုများ။
လိုင်းနာမြစ် (Leine) ကမ်းနဘေးရှိ နစ်ကီ ဒီ စိန့် ဖဲလ် (Niki de Saint Phalle) ၏ နနရုပ်ထုများ။ | ဓါတ်ပုံ။ ။ © picture alliance/Bildagentur-online/Schoening
(၁၉၇၄) ခုနှစ်တွင် ပြင်သစ် - ဆွဇ်လူမျိုး အနုပညာရှင် နစ်ကီ ဒီ စိန့် ဖဲလ် (Niki de Saint Phalle) ကနနဟုခေါ်သည့် အရောင်အသွေးစုံလင်၊ ထူးခြားဆန်းပြားသော လုံးလုံးကစ်ကစ် ပေါ့ပ်အနုပညာရုပ်တု သုံးရုပ်ကို လိုင်းနာမြစ် (Leine) ကမ်းနဘေးတွင်ဖန်တီးခဲ့သည့်အတွက် ဒေသခံများ၏အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ဟန်နိုဗာ၏ရှေးရိုးဆန်မှုကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်။ ပြည့်ပြည့်ဖြိုးဖြိုး မိန်းမသားရုပ်တုကို အရှက်ကင်းမဲ့မတော်တရော်ဟု မြင်ကာ မည်သည့်နည်းနှင့်မျှ အနုပညာမဖြစ်နိုင်ဟု ဆိုခဲ့ကြသည်။ ယင်းနောက်နှစ်များတွင်မူ ရုပ်တုများကိုဖန်တီးသူမှာ မြို့၏ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်လာသည်။ နစ်ကီ ဒီ စိန့် ဖဲလ်သည် ဟရန်ဟွိုင်ဇာဉယျာဉ်စု (Herrenhäuser Gardens) တွင် ထူးခြားဆန်းပြားသောဥမင်လှိုဏ်ခေါင်းများဖန်တီးခဲ့ပြီး သူမ၏လက်ရာများကို စပရင်ဂယ်လ်ပြတိုက်သို့လှူဒါန်းခဲ့၍ သူမကိုဂုဏ်ပြုသောအားဖြင့် ခေါ့ခယ်ရင်ပြင် (Kröpcke) နှင့်ဗဟိုဘူတာတို့အကြားရှိ ဈေးရုံကို သူမအမည်ပေးခဲ့သည်။ ယခုအခါတွင် လိုင်းနာမြစ်ကမ်းနဘေးရှိ အရောင်အသွေးစုံလင်သော ပိုလီအီစတာရုပ်တုကြီးများမှာ မြို့အထင်ကရဖြစ်လာပြီး ဓာတ်ပုံရိုက်ရန်လူကြိုက်များသည့်နေရာတစ်ခုဖြစ်လာသည်။ စနေနေ့မနက်များတွင်မြစ်ကမ်းနဘေးနှင့်ပနံသင့်ကာ မျက်စိပသာဒဖြစ်နေသည့် နာမည်ကျော်လေဟာပြင်ဈေး ဖွင့်လှစ်သည့်အတွက် နနအရုပ်များအနီး ပျားပန်းခပ်မျှစည်ကားပါသည်။ လတ်တလောနှစ်များအတွင်း လိုင်းနာမြစ်ကမ်းတွင် အဆောက်အအုံသစ်များ၊ စားသောက်ဆိုင်သစ်များဆောက်လုပ်၍ အဆင့်မြှင့်ပြောင်းလဲခဲ့ရာ ထိုဝန်းကျင်တစ်ဝိုက်မှာ ပိုမိုသက်ဝင်လှုပ်ရှားလာသည့်အတွက် လာရောက်လည်ပတ်သူများကို သမိုင်းဝင်ပြတိုက်၊ ဘီဂင်းတာဝါနှင့် မြို့ဂိတ်ဝတို့တွင် ပို၍ကြာကြာလည်ပတ်အောင်ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရပါသည်။ လန်းထှာဂ် (Landtag) ခေါ် ပြည်နယ်လွှတ်တော်ရှိ လိုင်းနာဆည်အနီးတွင် ရေလွှာလှိုင်းစီးရန်နေရာတစ်ခုဆောက်လုပ်ပြီးစီးသွားပါက နောက်ထပ်ဆွဲဆောင်မှုတစ်ခုတိုးလာဦးမည်ဖြစ်သည်။

ဟန်နိုဗာ၏ဗီလာခရိုင်

စိတ်ချမ်းမြေ့ဖွယ် အချက်အခြာတွင်တည်ရှိနေသော ဝဲလ်ဟောက်ဆန် (Waldhausen) ဗီလာခရိုင်။
စိတ်ချမ်းမြေ့ဖွယ် အချက်အခြာတွင်တည်ရှိနေသော ဝဲလ်ဟောက်ဆန် (Waldhausen) ဗီလာခရိုင်။ | © GeorgDerReisende/CC BY-SA 4.0
ဟန်နိုဗာဒေသခံများသည် ခပ်လျှိုလျှိုနေတတ်သည်ဟုကျော်ကြားပြီး အင်္ဂလိပ်တော်ဝင်မိသားစုနှင့်သမိုင်းကြောင်းအရ နီးစပ်ခဲ့သည့်အတွက် ထိုသို့ဖြစ်ဟန်တူသည်။ သို့မဟုတ် မြို့၏ဈေးအကြီးဆုံးရပ်ကွက်ဖြစ်သော ဝဲလ်ဟောက်ဆန် (Waldhausen) ဗီလာခရိုင်မှာ သစ်ပင်များအုံ့ဆိုင်းနေပြီး မထင်မရှားဖြစ်နေသည့်အတွက် မြို့တော်ခန်းမပေါ်ကလှမ်းကြည့်လျှင်ပင် မမြင်နိုင်သည့်အတွက်လား။ ထိုခရိုင်သည် ကျေးလက်တောရွာလေးသဖွယ်ဖြစ်နေသော်ငြား တစ်ချိန်တည်းမှာပင် မက်ရှ်ကန် (Maschsee) ၊ အက်ဂနယ်ဆိုဒယ် (Engesohde) သင်္ချိုင်းနှင့် အိုင်လန်နရီဒယ် (Eilenriede) တောအုပ်တို့အကြား ဗဟိုကျကျတည်ရှိနေပြန်ကာ ရထားလမ်းနှစ်လမ်းဖြင့်ဝန်းရံထားပြီး လည်ပတ်ရကျိုးနပ်စေမည့် နေရာဖြစ်ပါသည်။ အထူးသဖြင့် ပြန်လည်ထိန်းသိမ်းထားသည့်နှစ်လိုဖွယ် အာ့တ် နုဗို (Art Nouveau) နှင့် ဝီလ်ဟန်ခေတ်လက်ရာဟန်မျက်နှာစာများစီတန်းတည်ရှိရာ ဂွန်သာလမ်း (Güntherstraße) ဖြစ်သည်။ ကံကောင်းလျှင် နာမည်ကျော်ပုဂ္ဂိုလ်များနှင့်ပင်ဆုံရနိုင်ပါသည်။ ဟန်နိုဗာဒေသခံတို့၏ဖိဖော့ပြောတတ်မှုကြောင့် စိတ်ဝင်စားဖွယ်အချက်မှာမထင်မရှားဖြစ်နေသော်လည်း ဤရပ်ကွက်တွင်နေထိုင်သည့်နာမည်အကျော်ကြားဆုံးပုဂ္ဂိုလ်များမှာ ဂျာမန်နိုင်ငံ၏အဓိပတိ ဂါဟက်ရှိုးဒါ (Gerhard Schröder) နှင့် ဂျာမန်သမ္မတဟောင်း ခရစ်ယာန် ဝုဖ် (Christian Wulff) တို့ဖြစ်ပါသည်။

ပုဆိန်ကိုင်လူသတ်သမား

အနည်းဆုံး လူသတ်မှု  (၂၄) ခု ဖြစ်ပွားခဲ့ရာ (၁၉၂၅) တွင် ၎င်း၏ပြစ်မှုအတွက် ကွပ်မျက်ခံခဲ့ရသော Fritz Haarmann ၏အိမ်။
အနည်းဆုံး လူသတ်မှု (၂၄) ခု ဖြစ်ပွားခဲ့ရာ (၁၉၂၅) တွင် ၎င်း၏ပြစ်မှုအတွက် ကွပ်မျက်ခံခဲ့ရသော Fritz Haarmann ၏အိမ်။ | ဓါတ်ပုံ။ ။ © picture-alliance/dpa/dpa Polizeigeschichtliche Sammlung
လန်ဒန်မြို့တွင် Jack the Ripper ဟူသည့် စိတ္တဇလူသတ်သမားရှိသလို ဟန်နိုဗာတွင်လည်း ဟာမန်း (Haarmann) ရှိသည်။ (၂၀) ရာစုအစောပိုင်းက မြို့ထဲတွင် ဟာမန်း သောင်းကျန်းခဲ့စဉ် အပြောင်အပျက်သီဆိုသည့်သီချင်းစာသားမှာ “စောင့်ပါ၊ စောင့်ပါ၊ ခဏလေးပဲစောင့်ပါ။ ခဏနေရင် ဟာမန်းက နင့်ဆီလာပြီး ပုဆိန်ကြီးနဲ့ နင့်ကို နုပ်နုပ်စဉ်းမှာ” ဟူ၍ ဖြစ်သည်။ စိတ္တဇလူသတ်သမားနှင့်မုဒိမ်းသမား ဖရီးဒရစ် “ဖရဇ်” ဟာမန်း သည် ရာစုနှစ်ကြာသည့်တိုင်အောင် လူအများကိုဆွဲဆောင်နေဆဲပင်။ စာရေးဆရာများ၊ ဂီတပညာရှင်များနှင့် ရုပ်ရှင်ရိုက်ကူးသူများက သူ၏ဇာတ်ကြောင်းကိုစူးစမ်းကြကာ ဟန်နိုဗာ၏ရှေးရိုးပုံပြင်များတွင်ပါ သူ့အကြောင်းထည့်ပြောတတ်ကြပြီး ခရစ်စမတ်ပွဲတော်ပြက္ခဒိန်များတွင်ပါ ပါဝင်ပါသည်။ Calenberg Neustadt ရှိ Rote Reihe သည် ဟာမန်း နေထိုင်ခဲ့သည့်၊ လူသတ်၍ အသတ်ခံရသူ၏အဝတ်အစားများကိုရောင်းချခဲ့ရာ ခပ်ကျဉ်းကျဉ်းပေစုတ်စုတ်လမ်းကြားဟောင်းလေးမဟုတ်တော့သည့်အတွက် သူနေထိုင်ခဲ့ရာနေရာနှင့် သူ၏ရက်စက်ကြမ်းကြုတ်မှုအငွေ့အသက်များ မကျန်ရစ်တော့ပါ။ ခေါ့ခယ်ရင်ပြင်ရှိ ကော်ဖီဆိုင်မှာယခုတိုင်ရှိသေးသော်လည်း အတိတ်တုန်းက လိင်တူ (ယခုထက်တိုင် တရားမဝင်မဖြစ်သေးသည့်) ပြည့်တန်ဆာများနှင့်စည်ကားခဲ့သည့် မသင်္ကာဖွယ် နုံချာချာအရက်ဆိုင်နှင့် အကွာကြီးပင်ဖြစ်သည်။ ရထားဘူတာတွင် ကျေးလက်ဒေသမှဆင်းရဲနွမ်းပါးသောကောင်လေးများ၊ သောင်တင်နေသည့်အလုပ်လက်မဲ့ယောက်ျားသားများ၊ စောင့်ရှောက်ရေးဂေဟာမှထွက်ပြေးလာသူများကို ဆွဲဖမ်းရန် ဟာမန်းနှင့်ကြံရာပါများပုန်းခိုခဲ့သည့် ပူအိုက်သောခရီးသည်နားနေခန်းမှာ ခေတ်ဆန်၍မီးထိန်ထိန်လင်းနေသည့် “ဈေးဝယ်ဘူတာ” အဖြစ် ပြောင်းလဲနေပေပြီ။ သူနေထိုင်ရာတိုက်ခန်းသို့ ဖြားယောင်းခေါ်ဆောင်၍ အဓမ္မပြုကျင့်သတ်ဖြတ်ကာ အပိုင်းပိုင်းဖြတ်ခဲ့သည့် ကောင်လေးနှင့်အမျိုးသား (၂၄) ဦးတို့၏ အောက်မေ့ဖွယ်အထိမ်းအမှတ်ကျောက်တိုင်ကြီးမှာ ယခုထက်တိုင်ရှိပါသေးသည်။ ဟာမန်းသည် ထိုမျှလောက်သာ ရက်စက်ခဲ့သည်မဟုတ် ထိုသူတို့၏အသားများကို စီမံထုတ်လုပ်ရောင်းချခဲ့သည်ဟူသော ကောလဟာလများပင် ဆက်တိုက်ထွက်ပေါ်ခဲ့သည်။ တရားခွင်မှာ နိုင်ငံတကာစိတ်ဝင်စားမှုရရှိခဲ့ပြီး ရဲတပ်ဖွဲ့၏မကောင်းသတင်း စတင်ပျံ့နှံ့စေခဲ့သည်။ ဟာမန်းကို နောက်ဆုံးကွပ်မျက်ခဲ့သည့် တရားရုံးလည်းမရှိတော့ပေ။ ဗဟိုဘူတာနောက်တည့်တည့်ရှိ “königliche Zellengefängnis” ထောင်ကို (၁၉၆၃) ခုနှစ်တွင် ဖြိုချခဲ့သည်။ ယနေ့ခေတ်တွင် ရက်ရှ်ပလက်ဇ် (Raschplatz)၊ ခြေကျင်လျှောက်ရင်ပြင်နှင့်ပွဲကျင်းပရာစင်တာ ပါဗီလွန် (Pavillon) တို့ အစားထိုးတည်ရှိနေပြီဖြစ်သည်။ (၂၀၁၇) ခုနှစ်တွင် အလုပ်ရုံဆွေးနွေးများ၌ “Pavillon Prison Break” ဟူသည့် အခမဲ့ထောင်ဖောက်ဂိမ်းအက်ပ်တစ်ခု တီထွင်ခဲ့ပြီး ထိုနေရာရောက်လျှင်ဂိမ်းကစားကြည့်နိုင်ပါသည်။

လူ့ဘီလူးကြီးများအတွက် လီဂိုတုံးများ

ဘယ်သူက သူတို့ရဲ့ လီဂိုတုံးတွေကို ဒီမှာထားခဲ့တာလဲ။ ဒီနေရာမှာ Alessandro Mendini လို ဗိသုကာပညာရှင်တွေက အထူးတလည် တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့အခါ ဘတ်စ်ကားမှတ်တွေတောင် ဒီလိုမျိုးပေါ့။
ဘယ်သူက သူတို့ရဲ့ လီဂိုတုံးတွေကို ဒီမှာထားခဲ့တာလဲ။ ဒီနေရာမှာ Alessandro Mendini လို ဗိသုကာပညာရှင်တွေက အထူးတလည် တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့အခါ ဘတ်စ်ကားမှတ်တွေတောင် ဒီလိုမျိုးပေါ့။ | ဓါတ်ပုံ။ ။ © Adobe
မြို့လယ်မှ ခြေကျင်သွားဇုန်၏အစွန်းဘက်ရှိ ရှတိုင်းတိုး (Steinstor) မြေအောက်ရထားဘူတာသည် ဗိသုကာလက်ရာများ လိင်အပျော်အပါးနှင့်ပါတီရပ်ကွက်တို့ကိုစူးစမ်းရန် သို့မဟုတ် ဈေးဝယ်ထွက်ရန် အကောင်းဆုံးစမှတ်ဖြစ်ပါသည်။ ဗိသုကာလက်ရာနှင့်အစပြုပါမည်။ (၅၁) မီတာအမြင့်ရှိပြီး ထိပ်တွင်အစိမ်းရောင်အမိုးခုံးရှိသော အန်ဇိုင်ကာ ဟိုးဟော့စ် (Anzeiger-Hochhaus) ဟူသည့် အုတ်အဆောက်အအုံကြီးသည် ဂျာမနီ၏ပထမဦးဆုံးမိုးမျှော်တိုက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုအဆောက်အအုံကို (၁၉၂၈) ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး စတီးအောက်ခံဘောင်မှာ ဗုံးကြဲသောညများတွင်ပင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ “ဒါရှပီဂယ်” (Der Spiegel) နှင့် “ရှတန်” (Stern) သတင်းမဂ္ဂဇင်းများသည် ဤနေရာတွင်အစပြုခဲ့ပြီး ယနေ့ခေတ်တွင် RTL နှင့် Sat.1 တီဗွီရုပ်သံများက ဒေသဆိုင်ရာတည်းဖြတ်ရေးရုံးများနှင့်ဒေသဆိုင်ရာ ရေဒီယိုအသံလွှင့်ဌာနများဖြစ်သည့် ffn နှင့် Antenne Niedersachsen တို့ပါရှိလာသည့်အတွက် စစ်ပွဲပြီးနောက် ဤနေရာတွင်စာနယ်ဇင်းသမိုင်းထူနိုင်ခဲ့သည်ဟုဆိုရပေမည်။  ထောင့်ဖြတ်မျက်နှာချင်းဆိုင်တွင် ယခင်က Gewerkschaftsviertel  သို့မဟုတ် အလုပ်သမားသမဂ္ဂသို့ ဝင်ပေါက်ဖြစ်ခဲ့သည့် ထစ်ဟော့ဖ် (Tiedthof) ၏လှပသောခေတ်သစ်ဘရော့ခ်လက်ရာ မျက်နှာစာရှိပါသည်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ထူးထူးဆန်းဆန်း အနက်နှင့်အဝါရောင်ကျားကွက်ပုံစံ ကုဗတုံးများပေါ်တွင် ရွှေရောင်ကတော့ချွန်များတင်ထားသည့် ကော့ရှုမခါလမ်း (Kurt Schuhmacher Straße) မှဘတ်စ်ကားဂိတ်ဖြစ်သည်။ အီတလီလူမျိုး၊ နာမည်ကျော်ဗိသုကာပညာရှင် အလက်ဆန်ဒရို မန်ဒီနီ (Alessandro Mendini) က ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး ထိုနေရာနှင့်မနီးမဝေးရှိ လမ်းဂဲ လောင်ဘဲ (Lange Laube) နှင့် ရှတစ်ဖ်လမ်း (Stiftstraße) ထောင့်မှအရောင်အသွေးစုံလင်၍တလက်လက်တောက်ပနေသောမျက်နှာစာကိုလည်းဒီဇိုင်းဆွဲခဲ့သူဖြစ်ပြီး ဘီလူးကြီးများကလီဂိုတုံးများဖြင့်ကစားခဲ့ဟန်နှင့်ပင်တူနေပါသည်။ ဂိုသေးလမ်း (Goethestraße) အောက်ပိုင်းရှိ ဂယ်ရီတာဝါ (Gehry Tower) မှာ မိုးပေါ်သို့နွယ်တက်နေသည့်ဟန်ရှိပါသည်။ ဤကွေးကွေးကောက်ကောက်ထောင့်ချိုး၏နောက်ဘက်မှ လမ်းကြားလေးများဆီဝင်လိုက်လျှင် တခြားကမ္ဘာတစ်ခုဆီရောက်သွားသကဲ့သို့ပင်။ ယင်းမှာလိင်အပျော်အပါးရပ်ကွက်ဖြစ်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော Hells Angels သူဌေး ဖရန့်ခ် ဟာနယ်ဘုသ် (Frank Hanebuth) သည် (၂၀၀၀) ခုနှစ်များတွင် အဖော်အချွတ်ကလပ်များ၊ ပြည့်တန်ဆာအိမ်များ၊ လောင်းကစားရုံများဖြင့်ဝန်းရံထားသည့် ခေတ်ပေါ်ကလပ်များဖြင့် ဟန်နိုဗာမြို့၏ရေပါဘန် (Hanoverian Reeperbahn) ပုံစံမျိုးဖြစ်အောင်အောင်မြင်စွာပြောင်းလဲခဲ့သည်။ ထိုအချိန်မှစ၍ ပါတီအငွေ့အသက်များလျော့ပါးလာပြီး ယင်းအစား မြို့ထဲရှိဈေးကြီးသောတိုက်ခန်းများမှသာ ပိုက်ဆံရှာရန်အစီအစဉ်များပေါ်လာသည်။ ပါတီတက်ရန်စောနေသေးပါက လမ်းသွယ်များစွာရှိသည့်ခြေကျင်ဇုန်တစ်ခွင် သို့မဟုတ် ကော့ရှုမဟာလမ်းရှိ ဟန်နိုဗာ၏အကြီးဆုံးဈေးဝယ်စင်တာဖြစ်သော Ernst August Galerie တွင် စိတ်လွတ်လက်လွတ် ဈေးဝယ်ထွက်သင့်ပါသည်။

ဥယျာဉ်တိုင်းမှာထူးခြားပါသည်။

ဘယ်လိုမြင်ကွင်းလဲ။ ဟရန်ဟွိုင်ဇာဥယျာဉ်စု (Herrenhäuser Gardens) ကို အပေါ်စီးမှမြင်ရပုံ။
ဘယ်လိုမြင်ကွင်းလဲ။ ဟရန်ဟွိုင်ဇာဥယျာဉ်စု (Herrenhäuser Gardens) ကို အပေါ်စီးမှမြင်ရပုံ။ | ဓါတ်ပုံ။ ။ © Adobe
ဟန်နိုဗာသို့ရောက်လျှင် ဟရန်ဟွိုင်ဇာဥယျာဉ်စု (Herrenhäuser Gardens) မှာမသွားမဖြစ်ဖြစ်သည်။ သို့သော် စကားနည်းသောဟန်နိုဗာဒေသခံများခေါ်သည့် ဥယျာဉ်စုဆိုသည်မှာ အမှန်တကယ်အားဖြင့် မတူညီသည့်ဥယျာဉ်သုံးခုဖြစ်သည်။ ပထမဦးဆုံးဥယျာဉ်မှာ ဘာ့ဂ်ဂါတန် (Berggarten) ဖြစ်ပြီး ရေနေသတ္တဝါပြတိုက်လည်းရှိကာ ရုက္ခဗေဒဆိုင်ရာအသိပညာပေးရေးနှင့် မိသားစုများအတွက်အပန်းဖြေရေးတို့ကို အချိုးကျကျပေါင်းစပ်ထားပါသည်။ ထူးခြားဆန်းပြားသောအပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကိုကြည့်ရင်း တအံ့တဩဖြစ်ရသည်ကိုနှစ်သက်ပြီး ဗဟုသုတတိုးသည်ကို ဂုဏ်ယူဝမ်းမြောက်ရင်းပြန်လိုပါက ဤဥယျာဉ်မှာ သင့်အတွက်ဖြစ်သည်။ ထို့နောက် အဆင့်မြင့်အပန်းဖြေနေရာတစ်ခုဖြစ်သော ဂရိုဆာဥယျာဉ် (Große Garten) ရှိပါသည်။ ဘရော့ခ်အနုပညာလက်ရာများနှင့်ခမ်းနားထည်ဝါနေသည့် ဂရိုဆာဥယျာဉ်သည် သမိုင်းကြောင်းအခြေခံသောအဖိုးတန်နေရာတစ်ခုဖြစ်ရုံသာမက အလှရသနှင့်လည်းပြည့်စုံပါသည်။ လိုင်းနာမြစ်ကမ်းတွင် နနရုပ်များ ဖန်တီးခဲ့သည့် နစ်ကီ ဒီ စိန့် ဖဲလ် က ဝင်္ကပါငယ်သဖွယ်၊ နှစ်သက်ကြည်နူးစရာ ပြဇာတ်ရုံစုလေးသဖွယ် ဒီဇိုင်းထုတ်ထားသော မြူးမြူးကြွကြွဟန် ဥမင်လှိုဏ်ခေါင်းများထဲလမ်းလျှောက်ကြည့်ပါ။ ပွဲတော်များ၊ ဖျော်ဖြေပွဲများ၊ ပြဇာတ်များနှင့်မီးရှူးမီးပန်းပြိုင်ပွဲများရှိတတ်သဖြင့် ပွဲစဉ်များကို တစ်ချက်ကြည့်ကြည့်သင့်ပါသည်။ နောက်ဆုံးအနေဖြင့် အတုအပဖန်တီးထားသည့်သဏ္ဍာန်များဖြင့်တောက်ပြောင်နေသော်လည်း အပြစ်ပြောဖွယ်မရှိအောင်လှပသောရှုခင်းများနှင့် သက်ဝင်လှုပ်ရှားတက်ကြွနေသည့်တက္ကသိုလ်ရှိရာရဲတိုက်နောက်ကျောတွင် ဂီအော်ဂန်ဥယျာဉ် (Georgengarten) (အင်္ဂလိပ်ရှုခင်းသာဥယျာဉ်) နှင့် ဝဲဖန်ဉယျာဉ် (Welfengarten) တို့ ရှိပါသည်။ သင့်အနေဖြင့် အပန်းမဖြေရသေးဘူးဆိုလျှင် ကော်လံကိုဖြေ၊ ဖိနပ်ကိုချွတ်၍ အပန်းဖြေရမည့်အချိန်ဖြစ်ပါသည်။ လူအများသည် စာလေ့လာရန်၊ အပန်းဖြေရန်၊ ပျော်ပွဲစားထွက်ရန်လာကြပါသည်။ အဝေးတစ်နေရာမှလွင့်ပါးလာသော ဒရမ်သံတိုးတိုး ကြားရတတ်ပြီး နွေလေပြေအဝှေ့တွင်ရတတ်သော အကင်နံ့သင်းသင်းကိုရှုရှိုက်ရင်း နေ့စဉ်ဘဝမှရုန်းထွက်၍ အပန်းဖြေရန်အခွင့်အရေးတစ်ခုပင်ဖြစ်ပါသည်။
 

မာ့ခ်ဟာလဲလ် (Markthalle) - ဟန်နိုဗာ၏ဝမ်းခေါင်း

Markthalle ဈေးရုံကြီး။ အထူးတလည် ကြီးကျယ်မခမ်းနားသော်လည်း ယခုအချိန်ထိ နေ့ရောညပါ အချိန်တိုင်းအတွက် သွားရောက်လည်ပတ်ဖို့ လူကြိုက်များသောနေရာတစ်ခုဖြစ်နေဆဲပင်။
Markthalle ဈေးရုံကြီး။ အထူးတလည် ကြီးကျယ်မခမ်းနားသော်လည်း ယခုအချိန်ထိ နေ့ရောညပါ အချိန်တိုင်းအတွက် သွားရောက်လည်ပတ်ဖို့ လူကြိုက်များသောနေရာတစ်ခုဖြစ်နေဆဲပင်။ | ဓါတ်ပုံ။ ။ © Adobe
သမိုင်းဝင်မြို့လယ်ခေါင်၏အစွန်အဖျားရှိ မာ့ခ်ဟာလဲလ် (Markthalle) တွင် တစ်နေရာထဲဖြင့်အစုံအလင်ရနိုင်ပါသည်။ အရက်နာကျသက်သာစေသည့်မနက်စာများကိုတစ်နေ့လုံးရောင်းချပြီး နိုင်ငံရေးသမားများ သို့မဟုတ် ၎င်းတို့၏ဝန်ထမ်းများနှင့် မဲဆွယ်သူများ၊ ဂျာနယ်လစ်များ တွေ့ဆုံရာနေရာလည်းဖြစ်သည် (ပြည်နယ်လွှတ်တော်နှင့် ဝန်ကြီးဌာနများမှာ မနီးမဝေးတွင်တည်ရှိသည်)။ ညနေခင်းတွင်အလုပ်အပြန်ဘီယာဝင်သောက်ရန်ဖြစ်စေ၊ အိမ်မပြန်ခင်မုန့်ဝင်စားရန်ဖြစ်စေ၊ ညဖက်အပြင်ဆက်သွားရန်ဖြစ်စေ ဤဈေးသို့ဝင်ကြသည်။ ရွေးစရာမှာထူးထူးခြားခြားမရှိသော်လည်း (အီတလီအစားအစာအနည်းအကျဉ်း၊ အာရှအစားအစာအနည်းအကျဉ်း၊ အသား၊ ငါး၊ ပေါင်မုန့်တစ်မျိုးမျိုး) သတ်သတ်လွတ်အစားအသောက်လည်းရနိုင်သည့်အတွက် အားလုံးစားလို့အဆင်ပြေပါသည်။ ထို့နောက် ဝိုင်သုံးခွက်သောက်ပြီး မေ့မေ့မူးမူးမဖြစ်သေးပါက အပြန်တွင်အရသာရှိသောအစားအသောက်တစ်ခုခု ဝယ်သွားလို့ရပါသည်။