မြို့ပြလမ်းညွှန်။ ။ Rostock
ထိုသို့သွားရာလမ်းတွင်

Rostock မြို့မြင်ကွင်း
Rostock မြို့မြင်ကွင်း | ဓါတ်ပုံ။ ။ © Adobe

နိုင်ငံတစ်ဝှမ်းမှ ခရီးသွားများက Rostock ကို Warnemünde ၏ ဒေသတစ်ခုအဖြစ် ၄င်း၏ကမ်းခြေ၊ မီးပြတိုက်၊ ဆိပ်ခံတံတားနှင့် ငါးပေါင်မုန့်တို့ဖြင့် လူသိများသည်။ Rostock မြို့ကိုယ်တိုင်ကပင် ယေဘုယျအားဖြင့် သင်္ဘောကျင်းများ၊ အရှေ့ဂျာမနီ GDR မှငါးဖမ်းလုပ်ငန်းစုများနှင့် Lichtenhagen ပုံစံတူအိမ်ယာများပေါင်းစပ်ထားခြင်းပင်။ ထို့ကြောင့် ဤသမိုင်းဝင်ဟန်ဆီယတစ် ကုန်သွယ်ရေကြောင်းအဖွဲ့ဝင်မြို့ငယ်လေးကို ပို၍ထဲထဲဝင်ဝင်ကြည့်ရမည့်အချိန်ပင်ဖြစ်သည်။ 

ရေးသားသူ​ Frank Schlößer

စိန့်မေရီဘုရားကျောင်းရှိ နက္ခတဗေဒနာရီ

စိန့်မေရီဘုရားကျောင်းရှိ နက္ခတဗေဒနာရီ
စိန့်မေရီဘုရားကျောင်းရှိ နက္ခတဗေဒနာရီ | ဓါတ်ပုံ။ ။ © Adobe
အချိန်ကိုသာမက ဆယ့်နှစ်ရာသီခွင်သင်္ကေတများ၊ နေ့ရက်၊ လ၏အပိုင်းအခြားနှင့်နေ၏တည်နေရာတို့ကိုပါ ပြသနိုင်သော ကောင်းမွန်စွာလည်ပတ်နေသည့် နက္ခတဗေဒနာရီတစ်လုံးကိုတွေ့မြင်ရန်မှာမလွယ်ကူလှပါ။ စိန့်မေရီဘုရားကျောင်းရှိ ဘုရားကျောင်းဆောင်၏အနောက်ဘက် ဓမ္မတေးသံစုံအဖွဲ့နေရာတွင် နေရာမလုံလောက်ရုံမျှမကပါ။ ခေါင်းကိုနောက်ဘက်သို့မော့လိုက်ပါက (၁၁) မီတာအထက်တွင်တင်မြှောက်ထားသော ကြီးမားသည့်နာရီကြီးပေါ်မှ တောက်ပနေသော “သာဝကများ၏လျှောက်လမ်း” ကိုပင်လှမ်းမြင်နိုင်ပါသည်။ နေ့စဉ် နေမွန်းတည့်လျှင် ယေရှုက သံစုံခေါင်းလောင်း၏နောက်ဆုံးစည်းချက်တွင် ၄င်း၏မျက်နှာရှေ့တွင်ပင် ကောင်းကင်တံခါးပိတ်သွားသော ဂျူဒမှအပ အခြားသောသာဝကများအားလုံးကို ကောင်းချီးပေးသည်။ (၁၄၇၂) တွင် Gdansk ဒေသမှနာရီပြုလုပ်သူ Hans Düringer က မြို့တော်အား ထိုနာရီကိုလက်ဆောင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ပြုပြင်မွမ်းမံမှုအချို့ပြုလုပ်ခဲ့ရကာ ရံဖန်ရံခါ အနည်းနှင့်အများဆိုသလို အသုံးပြု၍ရပြီး နှစ်အတော်ကြာက နှစ်ကြိမ်မျှ လုံးဝရပ်တန့်သွားခဲ့ဖူးသည်။ သို့သော် ယနေ့တွင် ၄င်း၏မူလစက်အစိတ်အပိုင်းများဖြင့်ပင် အချိန်ကိုပြသနေဆဲဖြစ်ပြီး နေ့စဉ်လက်တံဖြင့်ညွှန်ပြနေဆဲဖြစ်သည်။ အဖြူရောင်နေ့ရက်ပြအဝိုင်းပြားကသာလျှင် မဖြစ်မနေပြောင်းလဲရမည့်အပိုင်းဖြစ်သည်။ လက်ရှိပြက္ခဒိန်နှင့်တစ်ဖန်ပြန်လည်ကိုက်ညီစေရန် (၁၃၃) နှစ်ကြာတိုင်း တစ်ဖန်အသစ်ပြန်အစားထိုးရသည်။ လက်ရှိအဖြစ်ဆုံးအစားထိုးမှုကို (၂၀၁၈) ဇန်နဝါရီလအစောပိုင်းက “Rostock ၏နှစ် (၈၀၀) ပြည့်အခမ်းအနား” အကြိုအဖြစ်ပြုလုပ်ခဲ့သည်။

တက္ကသိုလ်ရင်ပြင်

တက္ကသိုလ်ရင်ပြင်
တက္ကသိုလ်ရင်ပြင် | ဓါတ်ပုံ။ ။ © Adobe
နွေရာသီတွင် တက္ကသိုလ်ရင်ပြင်သည် Rostock ၏နှလုံးခုန်သံပင်ဖြစ်သည်။ “Brunne der Lebensfreude” (ဘဝ၏ပျော်ရွှင်မှုရေပန်း) က ငန်းရုပ်များ၊ တောဝက်ရိုင်းရုပ်များနှင့် အတူရှိနေသောလူများပေါ်သို့ ရေဖွားလေးများအဆက်မပြတ်ပတ်ဖျန်းလျှက်ရှိသည်။ ပူနွေးသောနွေရာသီလများတွင် ကလေးများအတွက် ထိုရေကန်မှာ ငြင်းပယ်ရန်ခက်ခဲသောကြောင့် Rostock  ရှိအတွေ့အကြုံရှိသောမိဘများက အဝတ်လဲရန်အဝတ်အစားပိုများသယ်လာလေ့ရှိကြသည်။ (၁၉၈၀) ပြည့်လွန်နှစ်များမှ အနုပညာဆန်ဆန် ပြန်လည်တည်ဆောက်မှုက လူလတ်တန်းစားဟန်ဆဲပုံစံမြင်းမိုရ်ပိတ်နှင့်အိမ်များနှင့်အတူ သုံးမြှောင့်ပုံအဆောက်အဦး၏ မြောက်ဘက်နံရံကိုပျက်စီးစေခဲ့သော (၁၉၄၂) ခုနှစ်၊ ဧပြီလ ဗုံးပေါက်ကွဲမှု၏ စိတ်မချမ်းမြေ့ဖွယ်အတွေ့အကြုံကို ကျော်လွှားရန် မြို့ပြဗျူဟာတစ်ခုဖြစ်ခဲ့သည်။ အရှေ့ဂျာမနီ အသင့်ထုတ်အစိတ်အပိုင်းများဖြင့်ပေါင်းစပ်ဖွဲ့စည်းပုံ ရှိသော်လည်း အသင့်ထုတ်အစိတ်အပိုင်းများဖြင့်ဆောက်ဟန်မပေါ်စေဘဲ မြင်းမိုရ်ဦး (၅) ခုရှိသည့်အိမ်များကို GDR အိမ်ယာအာဏာပိုင်များက တည်ဆောက်ခဲ့သည်။ လှပသေးငယ်သောမျက်နှာစာ (၅) ခုနှင့်အဆောက်အဦးနှင့် တစ်ဦးချင်းကိုယ်ပိုင်ပြင်ဆင်ထားကြသောမြင်းမိုရ်ပိတ်နှင့် အိမ်များ၊ စတိုးများနှင့်တိုက်ခန်းများက ရေပန်းအသစ်နှင့်ပေါင်းစပ်ကာ သမိုင်းဝင်မြို့လယ်နေရာ၏ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းထားသည်။ Rostock ၏လည်ပတ်စရာနေရာများစွာတို့သည် တက္ကသိုလ်ရင်ပြင်ကို ပတ်လည်ဝိုင်းလျှက်ရှိသည်။ (၁၈၁၅) ခုနှစ်တွင် နပိုလီယန်ကိုအောင်နိုင်ခဲ့သောဝါတားလူးစစ်ပွဲ၏ အလှည့်အပြောင်းကိုကူညီခဲ့သည့် ပရပ်ရှားမြင်းတပ်ကို ဦးဆောင်ခဲ့သော Rostock မြို့သား Marshal Gerhard Leberecht von Blücher ၏အထိမ်းအမှတ်ရုပ်ထု၊ ခမ်းနားလှသော အဓိကတက္ကသိုလ်အဆောက်အဦး၊ Rostock ယဉ်ကျေးမှုပြတိုက်၊ သံစုံခေါင်းလောင်းမှခေါင်းလောင်းငယ်လေးများ၊ Capitol ရုပ်ရှင်ရုံ၊ “Pfeilstork” (Arrow Stork - ချည်ခင်စွပ်ငှက် (သို့) ငှက်ကျားဖြူတစ်မျိုး) နှင့်ကျော်ကြားသော သတ္တဗေဒဆိုင်ရာစုစည်းမှု၊ ကျောင်းသားများအတွက်ဘီယာဆိုင်များ၊ ရေခဲမုန့်၊ ကော်ဖီနှင့်ဝက်အူချောင်းကင်ဆိုင်ငယ်လေးများရှိကြသည်။

မြစ်ဟောင်း

ခရီးသွားသင်္ဘောများသည် ဤနေရာတွင်ကျောက်ချကြပြီး တူးမြောင်းဟောင်းဝန်းကျင်တွင် များစွာသောစူးစမ်းစရာများရှိနေသည်။
ခရီးသွားသင်္ဘောများသည် ဤနေရာတွင်ကျောက်ချကြပြီး တူးမြောင်းဟောင်းဝန်းကျင်တွင် များစွာသောစူးစမ်းစရာများရှိနေသည်။ | ဓါတ်ပုံ။ ။ © Adobe
Warnemünde ဘူတာရုံမှ အရှေ့ပင်လယ်သို့လာလိုသူများသည် မြစ်ဟောင်းပေါ်မှ ဆုံလည်တံတားပေါ်တွင် မဖြစ်မနေ ဆယ်ဖီရိုက်ပြီးနောက် မီးပြတိုက် (သို့) ၎င်း၏အမိုးကိုအစွဲပြု၍အမည်ပေးထားသောစားသောက်ဆိုင် Teepott (အလုံးစုံ ရေနွေးအိုးနှင့်မတူသော်လည်း ၎င်း၏အမိုးခုံးနှစ်ထပ်နှင့် အပြင်အမိုးခုံးမြင့်မြင့်ပုံစံကြောင့်ဆင်တူသည်) ကိုကြည့်မြင်ရန် မလွဲဧကန် ညာဘက်သို့သွားရဦးမည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဤနေရာတွင် စတိုးဆိုင်များနှင့်ဆိုင်အသစ်များက ရိုးရာစားသောက်ဆိုင်များကို လာရောက်ပေါင်းစည်းကြသည်။ Rostock သို့လာသော ခရီးသွားလှေများ၊ နိုင်ငံရပ်ခြားသို့အလည်အပတ်ခရီးစဉ်များနှင့် ပင်လယ်ရေနက်ငါးဖမ်းကြည့်လိုသူများအတွက် ရွက်သင်္ဘောငယ်များသည်လည်း ဤနေရာမှ စထွက်ခွာကြသည်။ ဤနေရာသည် ပင်လယ်ကူးသင်္ဘောကြီးများကို နောက်ခံထားပြီး နေ့စဉ်ခရီးသွားတို့၏နိုင်ငံတကာမှအသံစုံတို့ဖြင့် ငါးလတ်လတ်ဆတ်ဆတ်၊ ငါးကျပ်တင်၊ ပယင်းနှင့် အရှေ့ပင်လယ်မှအေးမြလန်းဆန်းသောလေပြေကို ခံစားနိုင်သည်။ မြစ်ဟောင်းဟူသောအမည်ကို ၁၉၀၃ ခုနှစ်တွင် ပို၍ကြီးလာသောသင်္ဘောကြီးများအတွက် နောက်ထပ်တံခါးဖြစ်သော တူးမြောင်းအသစ် မြစ်အသစ်ကို ဖွင့်လှစ်ပြီးနောက် ရရှိခဲ့သည်။ ရှေးဟောင်း Warnow သည် ပင်လယ်ပျော်တို့၏တစ်ဖက်ပိတ်လမ်းမြှောင်ကလေးဖြစ်လာပြီး ရေကူးအပန်းဖြေလာသူတို့၏ ပျော်ရွှင်ဖွယ်လည်ပတ်ရာနေရာအဖြစ် ပြောင်းလဲလာခဲ့သည်။ အတွေ့အကြုံများသည့်ပင်လယ်စင်ရော်တို့က အမှတ်တမဲ့ဂရုမထားသော ခရီးသွားများထံမှ Bismarck herring (ငါးသလောက်ချဉ်) ကို အချိန်ကိုက်လုယူနေစဉ် ကမ်းတက်လှေတို့၏ နေရောင်ကာအမိုးတို့ကို ဖြန့်၍ မည့်သည့်ရာသီဥတုတွင်ဖြစ်စေ ငါးပေါင်မုန့်တို့ကို ရောင်းသည်မှာ နားလည်နိုင်ပါသည်။ စကားမစပ် ဆုံလည်တံတားပြီးနောက် ညာဘက်သို့ထပ်ကွေ့ရန်မလိုတော့ပါ။ ဒီရေကိုဆန်၍ ရေကူးနိုင်ပြီး ထိုသို့မဟုတ်ပါက ဘယ်ဘက်သို့ကွေ့ပါ။ မျက်စိဖမ်းစားဖွယ် မူလ မြစ်ဟောင်း၏အဆုံးသတ်ကို တိတ်ဆိတ်သောလမ်းတလျှောက်ခံစားနိုင်ပါသည်။

ပိထရိဘုရားကျောင်းနှင့်မြို့ဟောင်း

သမိုင်းဝင်မြို့လယ်ရှိ မျက်စိဖမ်းစားဖွယ်လမ်းကြားလေးများ။
သမိုင်းဝင်မြို့လယ်ရှိ မျက်စိဖမ်းစားဖွယ်လမ်းကြားလေးများ။ | ဓါတ်ပုံ။ ။ © Adobe
၁၉၉၄ ခုနှစ်ကတည်းက ၁၁၇ မီတာမြင့်သော ပိထရိဘုရားကျောင်း (စိန့်ပီတာဘုရားကျောင်း) သည် Rostock ၏အထင်ကရအဆောက်အအုံဖြစ်ပါသည်။ ပျက်စီးစေခဲ့သော ဗုံးကျဲတိုက်ခိုက်မှုပြီးနောက် နှစ် ၅၀ ကျော်အကြာတွင် ရန်ပုံငွေရှာဖွေရေးစည်းရုံးလှုံဆော်မှုတစ်ခုက ရင်သပ်ရှုမောလှပသည့် အမိုးချွန်းကို သူ၏မူလနေရာသို့ နဂိုအတိုင်းပြန်လည်ထိန်းသိမ်းနိုင်စေခဲ့သည်။ ၁၂ ရာစုတွင် ကနဦး မြို့ ၃ မြို့သည် Warnow မြစ်အထက်ရှိတောင်ကုန်းတွင် ၁၂၆၅ ခုနှစ်ကတည်ဆောက်ခဲ့သည့်မြို့တံတိုင်းကို အတူအသုံးပြုခဲ့ပြီး ယခုအခါ Rostock အဖြစ်ပေါင်းစည်းခဲ့သည်။ လှပသော သမိုင်းဝင်မြို့လည်တလျှောက် လမ်းအမည်များသည် တစ်ချိန်က ခက်ခက်ခဲခဲရှင်သန်ရပြီး ဂျာမန်ဒေသိယစကားဖြင့် ဆဲဆိုသည့် လက်မှုပညာသည်များနှင့်တံငါသည်များနေထိုင်ရာ ဤနေရာရှိလူများကို အစွဲပြုမှည့်ခေါ်စေခဲ့သည်။ Fischerbruch, Braugasse, Altschmiedestraße (တံငါသည်နားနေရာ၊ ဘီယာချက်သူများ၏လမ်းကြား၊ ပန်းပဲသမားလမ်း) စိန့်ကတ်သရင်းဘုရားကျောင်းသည် ၂၀၀၁ ခုနှစ်ကတည်းက ဗိသုကာအရာ၌ အလေးထားစရာတစ်ခုဖြစ်လာခဲ့ပြီး ယခုအခါ ဂီတနှင့်ပြဇာတ်ပညာတက္ကသိုလ်နေရာဖြစ်လာသည်။ တက္ကသိုလ်ဌာနတိုင်းသည် ဟန်ဆီယဲ့တစ်မြို့တော်များ၏ ယဉ်ကျေးမှုပွဲ ပြက္ခဒိန်တွင်ပါဝင်ကြသည်။ သမိုင်းဝင်မြို့ဟောင်းအတွင်းတွင် ဈေးဝယ်ခြင်းနှင့်ကားရပ်နားခြင်းတို့မပြုလုပ်နိုင်သော်လည်း မျက်စိပသာဒဖြစ်ဖွယ်လမ်းမြှောင်လေးများတစ်လျှောက် ငွေမကုန်ပဲ လမ်းလျှောက်နိုင်ပြီး မြို့တံတိုင်းပေါ်မှဖြစ်စေ၊ Warnow မြေနိမ့်ပိုင်းပေါ်သို့ဖြစ်စေ၊ ပိထရိဘုရားကျောင်း မျှော်စင်၏ရှုခင်းကြည့်စင်မြင့်မှ မြို့တစ်မြို့လုံးပေါ်သို့ဖြစ်စေ အံ့ချီးဖွယ်ရှုခင်းကို ခံစားနိုင်သည်။

ROSTOCK အနုပညာခန်းမ

“Ossi thing” (အရှေ့ဂျာမနီ၏ဝိသေသ) မျှသာဟု ကြာရှည်သတ်မှတ်ခြင်းခံခဲ့ရသည့် ပြတိုက်သည် အံ့အားသင့်ဖွယ် တဖန်ပြန်၍ ကောင်းမွန်လာသည်။
“Ossi thing” (အရှေ့ဂျာမနီ၏ဝိသေသ) မျှသာဟု ကြာရှည်သတ်မှတ်ခြင်းခံခဲ့ရသည့် ပြတိုက်သည် အံ့အားသင့်ဖွယ် တဖန်ပြန်၍ ကောင်းမွန်လာသည်။ | ဓါတ်ပုံ။ ။ © picture-alliance/dpa/dpaweb/Bernd Wüstneck
အရှေ့ဂျာမနီတွင် မြို့ပုံစံရေးဆွဲသူများသည် ခရီးသွားများဝင်ရောက်မှုကို ထည့်သွင်းတွက်ချက်မှု မရှိခဲ့ချေ။ ထို့ကြောင့် ၁၉၆၉ တွင် သူတို့သည် သူတို့၏ပထမဆုံး ပြတိုက်သစ်ကို မြို့တော်အချက်အခြာ၏အပြင်ဘက် တွင်တည်ဆောက်ခဲ့သည်။ ဤသို့ဖြင့် Reutershagen ရပ်ကွက်ရှိ ငန်းရေကန်ပေါ်မှ ပန်းခြံလေးကို အနုပညာချစ်သူများ၏ လည်ပတ်ရာနေရာအဖြစ် ပြောင်းလဲခဲ့သည်။ Rostock အနုပညာပြခန်းသို့ ကားရထားဖြင့် ခရီးတိုလေးသည်လည်း လည်ပတ်ရန်ထိုက်တန်ပါသည်။ အဖြူရောင်ဗြောင်ကုဗတုံးကြီးသည် ကဖေးနှင့်မြက်ခင်းစိမ်းပန်းခြံတို့နှင့် ပနံရနေပြီး အနုပညာလက်ရာများကို ခင်းကျင်းပြသရန် ရည်ရွယ်သည့် အခန်းကျယ်ကြီးများပါဝင်သော အထပ်နှစ်ထပ်ပါရှိပါသည်။ အရှေ့ဂျာမနီ၏ ကျန်ရှိသော အနှစ် ၂၀ အချိန်တွင်း အရှေ့ဂျာမနီက သူ့ကိုယ်သူ လူမျိုးပေါင်းစုံ ပွင့်လင်းမြင်သာသည့်နိုင်ငံတစ်ခုအဖြစ်ပြသရန် နည်းလမ်းတစ်ခုအဖြစ် Rostock ဆိပ်ကမ်းမြို့တွင် ခေတ်ပြိုင်အနုပညာပြပွဲများဖြင့် ရည်ရွယ်ပြသခဲ့သည်။ ပြန်လည်ပေါင်းစည်းပြီးနောက် ပထမ ဆယ်စုနှစ် နှစ်ခုအတွင်း ပြတိုက်သည် အရှေ့ဂျာမနီ၏ပုံရိပ်ဟုဆိုလိုပြီး မကြာခဏ ပိတ်ပစ်ရန် ခြိမ်းခြောက်ခြင်းခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် Rostock သွားဆရာဝန် Jörg-Uwe Neumann နှင့် အဖွဲ့တစ်ခုက ထိုနေရာကို လွှဲပြောင်းရယူခဲ့သည်။ ထိုအချိန်မှစ၍ ဂျာမနီတစ်ဝှမ်းတွင် ထိုပြတိုက်၏ ကောင်းသတင်းများ အံ့အားသင့်ဖွယ် တဖန်ပျံ့နှံ့လာခဲ့သည်။ A.R. Penck နှင့် Joop ၊ Norbert Bisky နှင့် Andreas Mühe ၊ Günther Uecker နှင့် Georg Baselitz ၊ Christo & Jeanne Claude တို့အားလုံးသည် ဤနေရာတွင် ပြပွဲလုပ်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်  Ernst Barlach နှင့် Camille Claudel တို့၏ ရာစုနှစ်ဂန္တဝင်လက်ရာဟောင်းများကို အစီအစဉ်၏အပိုင်းအများစုအဖြစ် ကမ္ဘာတစ်ဝှမ်းမှ ခေတ်ပြိုင်အနုပညာရှင်လူငယ်များက ရှုမြင်ကြသည်။ မည်သို့ပင်ဖြစ်စေ ပြတိုက်သည် အရှေ့ဂျာမနီ၏အရာ “Ossi thing” အဖြစ်ရှိနေဆဲဖြစ်သည်။ ယနေ့တွင် “Platz der Republik” သမ္မတနိုင်ငံ၏နေရာ ပြပွဲ၊ အရှေ့ဂျာမနီ ဂန္တဝင်ဖက်ရှင် မဂ္ဂဇင်း “Sibylle” နှင့် “Indian films” ဟုခေါ်သော အရှေ့ဂျာမနီရုပ်ရှင်ထုတ်လုပ်ရေး စသည်တို့သည် ကိုယ်ပိုင်ယုံကြည်မှု ပုံစံသစ်ကို တင်ပြလာကြသည်။

WARNEMÜNDE မြစ်ဝ အလယ်လေညှင်းခံဆိပ်ခံတံတား

Warnemünde ရှိ မီးပြတိုက်များမှ။ ၎င်း၏အောက်ခြေရှိ Teepott စားသောက်ဆိုင်။
Warnemünde ရှိ မီးပြတိုက်များမှ။ ၎င်း၏အောက်ခြေရှိ Teepott စားသောက်ဆိုင်။ | ဓါတ်ပုံ။ ။ © Adobe
မိုးကုတ်စက်ဝိုင်း၊ လေနှင့်ရေ။ မြို့တော်ဆိပ်ကမ်းတွင် သင်္ဘောဆိုက်ရာနေရာ ထားရှိထားသည့် ကြီးမားလှသည့် စကန်ဒီနေးဗီးယား ဖယ်ရီသင်္ဘောကြီးများနှင့် ရွက်သင်္ဘောတို့သည် ညာဘက်တွင်သွားလာနေကြသည်။ ဘယ်ဘက်တွင်မူ ကမ်းတက်လှေများနှင့် ခရီးသည်သင်္ဘောများက မြစ်ဟောင်းအတွင်းသို့ တဂျုတ်ဂျုတ်မြည်လျှက်ခုတ်မောင်းနေကြသည်။ ရှေ့တည့်တည့်တွင် အနီရောင်နှင့်အစိမ်းရောင် ဆိပ်ခံတံတား နှစ်ခုနှင့် မီးပြတိုက်တစ်ခုရှိသည်။ အနီးအနားတွင် မည်သည့်အရာမျှမရှိပဲ လက်ရန်းတစ်ခုနှင့်လှေခါးထစ်အနည်းငယ်သာရှိသည်။ နွေရာသီ၌ Warnemünde တွင် ခရီးသွားများဖြင့် ငပိသိပ် ငချဉ်သိပ်ဖြစ်နေသော်လည်း မြစ်ဟောင်းနှင့် မြစ်အသစ် တူးမြောင်းများကြားရှိ ကုန်းနေရာဖြစ်သည့် အလယ်ဆိပ်ခံတံတားသည် မုန်တိုင်း၏ဗဟိုချက်သဖွယ်ငြိမ်သက်နေသည်။ ဤနေရာတွင် မည်သူကမျှ သင့်ကို ရေခဲမုန့်၊ ဘီယာနှင့် ငါးပေါင်မုန့်တို့ကို မြည်းစမ်းကြည့်ရန် အတင်းရောင်းမည်မဟုတ်ပေ။ ဤသည်က ကောင်းသည်ဟုထင်မြင်လျှင် Warnemünde သို့ရထားစီးလိုက်ပါ။ ရထားဦးတည်ရာသို့ပင်လမ်းလျှောက်ပြီး ပင်လယ်ကူးသင်္ဘောကြီးများကိုကြည့်ရန် သင်္ဘောဆိပ်သို့လည်းကောင်း၊ ဂျာမနီတွင်အလှဆုံးကားရပ်နားရာဖြစ်နိုင်သည့် အလယ်ဆိပ်ခံတံတား၏ ကားရပ်နားရာနေရာကြီးကို လည်းကောင်း လည်ပတ်ကြည့်ရှုနိုင်ပါသည်။ ၁၉၀၃ မှ ၁၉၉၅ အထိ မီးရထားတွဲများကို ဖယ်ရီ၏ဝမ်းဗိုက်သို့ တိုက်ရိုက်ထည့်သွင်းနိုင်ပြီး ဒိန်းမတ်ရှိ Gedser သို့တိုက်ရိုက်ဖြတ်ကူးနိုင်သည်။ “Trajekt Warnemünde – Gedser” မီးရထားလမ်းဖြတ်ကုန်းများကိုပင် ယနေ့တိုင်မြင်နိုင်သေးသည်။ မီးရထားဖယ်ရီများနှင့်၎င်းတို့၏ ခေါက်ထားနိုင်စောင်းလျှောများထားရှိသော မြစ်ဝှမ်းနေရာကို ဖြည့်ပြီး ၂၀၁၄ တွင် နေထိုင်ရန်နှင့်စီးပွားရေး ဧရိယာအသစ်အဖြစ် စီစဉ်ထားသည့် သီးသန့်နေရာတစ်ခုရှိ နောက်ထပ်မြေနေရာအဖြစ်ဖန်တီးခဲ့သည်။ သို့သော် Rostock မြို့စီမံခန့်ခွဲရေးက မီးရထားလမ်းများဖောက်လုပ်ခြင်းကို ပုံမှန်အားဖြင့်စိတ်ဝင်စားလေ့မရှိသော Warnemünde ၏ဒေသခံများက ဤဖွံ့ဖြိုးမှုကို အချိန်အတော်ကြာအထိ အောင်အောင်မြင်မြင် နှောင့်နှေးစေခဲ့သည်။ မြို့တော်အိမ်ယာစီမံခန့်ခွဲမှုအဖွဲ့က ထိုဧရိယာကို ပိုင်ဆိုင်ပြီး ကားရပ်နားရာနေရာမှ ဝင်ငွေဖြင့်ပင် ကျေနပ်ခဲ့သည်။ Rostock ၏မြို့တော်ဝန်အသစ် Claus Ruhe Madsen က အလယ်ဆိပ်ခံတံတားအတွက် စတင်မှုအသစ်တစ်ခုကို ကြေညာခဲ့သည်။ သို့သော် ဂျာမနီရှိ အလှပဆုံးဖြစ်ဖွယ်ရှိသော ကားရပ်နားရာနေရာ နွေရာသီအနည်းငယ်လောက်တော့ လိုအပ်ဦးမည် ဖြစ်သည်။

ကေတီဗီ

Kröpeliner ဂိတ်ဆင်ခြေဖုံးရှိ အိမ်များ၊ လမ်းကျဉ်းလေးများတွင် ကျူးကျော်များနှင့်ပြည့်နေသော အချိန်က ပုံဟောင်း။ ယနေ့တွင်မူ အသစ်ပြန်လည်ပြင်ဆင်ထားသော ဧရိယာသည် လူကြိုက်များသောနေရာတစ်ခုဖြစ်လာဖွယ်ရှိသည်။
Kröpeliner ဂိတ်ဆင်ခြေဖုံးရှိ အိမ်များ၊ လမ်းကျဉ်းလေးများတွင် ကျူးကျော်များနှင့်ပြည့်နေသော အချိန်က ပုံဟောင်း။ ယနေ့တွင်မူ အသစ်ပြန်လည်ပြင်ဆင်ထားသော ဧရိယာသည် လူကြိုက်များသောနေရာတစ်ခုဖြစ်လာဖွယ်ရှိသည်။ | ဓါတ်ပုံ။ ။ © picture-alliance/ ZB/Bernd Wüstneck
ယခင်ရာစုနှစ်အပြောင်းဝန်းကျင်တွင် Rostock သည် ၎င်း၏သမိုင်းဝင်မြို့ရိုး အပြင်ဘက်သို့ပင် စတင်ကျယ်ပြန့်လာခဲ့သည်။ မြို့ဂိတ်တံခါးအပြင်ဘက်ရှိ Kröpelin မြို့အထိကျယ်ပြန့်လာသော ဆင်ခြေဖုံးကို “Kröpeliner-Tor-Vorstadt” (Kröpelin ဂိတ်တံခါးဆင်ခြေဖုံး) ဟုခေါ်ပြီး အတိုကောက် ကေတီဗီဟုခေါ်ကြသည်။ ရောင်စုံစတိုးဆိုင်များ၊ ညဉ့်နက်လမ်းထောင့်ဆိုင်ငယ်လေးများ၊ လဟာပြင်လမ်းဘေးစားသောက်ဆိုင်များဖြင့် မြို့၏ ဤအပိုင်းသည် ငယ်ရွယ်နုပျိုပြီး အခရာကျလာကာ တဖြည်းဖြည်းပို၍စျေးကြီးလာသည်။ Rostock မြို့လူဦးရေ ၂ သိန်း၏ ဆယ်ပုံတစ်ပုံခန့်သည် ဤနေရာ၌ နေထိုင်ကြသည်။ ဂရာဖီတီရုပ်ပုံများ၏နေ့စဉ်နှောင့်ယှက်မှု၊ ခွေးချေးများနှင့် ပုံမှန်ကားရပ်ရန်နေရာမရှိသော်လည်း သူတို့သည် အခြားနေရာများတွင်လည်းမနေလိုကြချေ။ အရှေ့ဂျာမနီခေတ်တွင် ကေတီဗီကို မြို့၏အတော်ကြမ်းသည့်အပိုင်းဟု သတ်မှတ်ခဲ့ကြသည်။ Warnemünde သို့တိုင် အသင့်ထုတ်ပစ္စည်းအစိတ်အပိုင်းများဖြင့် ဆောက်ထားသော အိမ်ယာရပ်ကွက်ကြီးများ ဆောက်လုပ်လာကြသောအခါ အားလုံးသောလမ်းများသည် ဤနေရာသို့ ပြိုဆင်းလာကြသည်။ ကျူးကျော်များလည်းရွှေ့ပြောင်းဝင်ရောက်လာကာ လှေကားတစ်ဝက်လောက်တက်ရသော အိမ်သာကို မျှဝေသုံးစွဲကြပြီး အပတ်စဉ်အများသုံးရေချိုးခန်းများတွင် ရေချိုးကြသည်။ ၁၉၉၀ ပြည်လွန်နှစ်များအလယ်ပိုင်းလောက်တွင် ဥရောပသမဂ္ဂက ပမာဏများပြားလှသော ထောက်ပံ့ငွေအစီအစဉ်တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပြီး နှစ်အနည်းငယ်ကြာသောအခါ အဆောက်အဦးမျက်နှာစာများသည် တဖန်ပြန်လည် လှပလာခဲ့ပြီး ခေါင်မိုးများသည်လည်း ကောင်းမွန်ပြည့်စုံလာကာ အချို့သောရင်းနှီးမြှုပ်နှံသူများက မွမ်းမံကာလအတွင်း ၎င်းတို့၏ဖြတ်တောက်ငွေကို ပြန်လည်ရရှိခဲ့ကြသည်။ “LiWu” ဟုအတိုကောက်ခေါ်ကြသော “Lichtspieltheater Wundervoll” ရုပ်ရှင်အစီအစဉ်သည် ဤနေရာ၌ ပြဇာတ်ရုံနှစ်ခုကို လည်ပတ်လျှက်ရှိသည်။ Doberaner Platz သည် ဂျာမနီရှိ ပေါင်မုန့်ဖုတ်ဆိုင် အထူထပ်ဆုံးသော ရင်ပြင်ဖြစ်သည်။ Mecklenburg-Vorpommern တွင် အချင်း ၁၅၀ မီတာအတွင်း အာရပ်ဗီ၊ ရုရှား၊ ဗီယက်နမ်၊ အီတလီ၊ ဂရိ၊ အိန္ဒိယ၊ ဂျပန် သို့မဟုတ် ဂျာမန်အစားအစာတစ်ခုခုကို ရွေးချယ်လိုပါက ဤနေရာတွင် ရနိုင်မည်ဖြစ်သည်။

မြို့တော်ဆိပ်ကမ်း

Rostock မြို့တော်ဆိပ်ကမ်းရှိ ရှည်လျားသောဆိပ်ကမ်းဧရိယာ
Rostock မြို့တော်ဆိပ်ကမ်းရှိ ရှည်လျားသောဆိပ်ကမ်းဧရိယာ | ဓါတ်ပုံ။ ။ © Adobe
မြို့တွင်းရှိဆိပ်ကမ်းနေရာသည် ရှည်လျားပြီး အပြေးလေ့ကျင့်သည့်လမ်းကြောင်း၊ ဆိပ်ခံတံတားနှင့် ပါတီပွဲဈေးခင်းရှည်ကြီးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ မြို့တော်ဆိပ်ကမ်းသည် ကိုရိုနာကပ်ဘေးမဖြစ်ခင်ကပင် လူငယ်များအတွက် ဆုံဆည်းရာနေရာဖြစ်ခဲ့သော်လည်း လော့ဒေါင်းကာလအဆက်ဆက်တွင် လမ်းလျှောက်သူအရေအတွက်မှာ ပိုမိုများပြားလာသည်။ ထိုနေရာသည် ရေအနီးအနား၊ လတ်ဆတ်သောလေရနိုင်ပြီး Warnow မြစ်၏စိမ်းစိုသောမြစ်ကမ်းပါးသို့ ရှု့ခင်းကြည့်နိုင်သော နှစ်သက်ဖွယ်နေရာလေးတစ်ခုဖြစ်ပေသည်။ ထို့အတွက်ကြောင့်လည်း စားသောက်ဆိုင်လုပ်ငန်းရှင်များက မြို့တော်ဆိပ်ကမ်း၏အလားအလာကို ရှေးမဆွကပင် ကြိုတင်ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ သစ်သားကျွန်းဆွယ်ပေါ်ရှိ ကြီးမားလှသော “Golden Bay” အာရှစားသောက်ဆိုင်နှင့် “Otto’s” အဆင့်မြင့် စားသောက်ဆိုင်သင်္ဘောအကြားသည် ၃ ကီလိုမီတာရှည်လျားပြီး အခြားသောစားသောက်ဆိုင်နှင့် အေးဆေးစွာအပန်းဖြေနိုင်သော အမိုးဖွင့်စားသောက်ဆိုင် အများအပြားလည်းရှိသည်။ ၆၀ ပြည့်လွန်နှစ်များအထိ ဤဧရိယာသည် ပုံမှန်အားဖြင့် ဆိပ်ကမ်း၏ လှုပ်ရှားအသက်ဝင်ဆုံးသောနေရာလည်းဖြစ်သည်။ ဤအရာများသည် နောက်ပိုင်းတွင် မြို့တော်အပြင်ဘက်ရှိ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းအသစ်သို့ ပြောင်းရွှေ့သွားသော်လည်း အရှေ့ဂျာမနီကုန်သည်များ၏ သင်္ဘောငယ်လေးများနှင့် အရှေ့ဂျာမနီတွင် စခန်းချသော ရုရှားစစ်တပ်၏ ထောက်ပို့သင်္ဘောများသည် မြို့တော်ဆိပ်ကမ်းတွင်ပင် ကုန်ချနေကြဆဲဖြစ်သည်။ ဤဆိပ်ကမ်းသည် တားမြစ်ဧရိယာတစ်ခုဖြစ်ခဲ့သည်။ ကုန်တင်ကုန်ချကရိန်း ၂ ခုနှင့် ကြီးမားသောတံတားကရိန်းကြီးတစ်ခုသည် ထိုအချိန်ကအသွင်ကို အမှတ်ရစရာအဖြစ်တည်ရှိနေဆဲဖြစ်သည်။ များစွာသောအပျော်စီးသင်္ဘောများနှင့် ကမ်းတက်လှေများ၊ မရေမတွက်နိုင်သော ရွက်သင်္ဘောများနှင့် ရေခဲခွဲသင်္ဘော “Stephan Jantzen” တို့သည်လည်း ဤနေရာတွင် ကမ်းကပ်ထားသည်။ ထို့အပြင် ဧရိယာအကျယ်ကြီးတစ်ခုသည်လည်း မြူနီစီပယ်ကားရပ်နားရာနေရာတစ်ခုအဖြစ် ထားရှိထားသည်။ သို့မဟုတ်ပါက မြို့တော်က ထို့အတွက်မည်သို့လုပ်ဆောင်ရမည်မသိပေ။ ထို့ပြင် ဤအစီအစဉ်သည် ပြည်ထောင်စု ဥယျာဉ်ပြပွဲအစီအစဉ် ၂၀၂၅ အတွက် စီစဉ်ထားခြင်းလည်းဖြစ်သည်။ ထိုအချိန်ထိတိုင်အောင် အသားကင်စားရန် ပြင်ဆင်နိုင်သော လုံလောက်သည့်နေရာတစ်ခု ဤနေရာတွင် ရှိနေမည်ဖြစ်သည်။ အဆုံးသတ်၌ မြို့တော်ဆိပ်ကမ်းတွင် တစ်ညလုံးအချိန်ဖြုန်းရန်လုံလောက်အောင် နွေးထွေးသည့် နွေညအနည်းငယ်သာကျန်ရှိတော့သော်လည်း အမှတ်ရစရာအဖြစ်ကျန်ရှိဦးမှာ သေချာပေတော့သည်။

IGA ပန်းခြံ

IGA ပန်းခြံထဲရှိ တရုတ်ပန်းဥယျာဉ်
IGA ပန်းခြံထဲရှိ တရုတ်ပန်းဥယျာဉ် | ဓါတ်ပုံ။ ။ © Adobe
Rostock မြို့၏ လူဦးရေတစ်ဝက်ကျော်သည် အရှေ့ဂျာမနီခေတ်က စက်မှုလုပ်ငန်း လုပ်သားများအတွက် ဆောက်လုပ်ပေးထားသော အသင့်ထုတ်ပစ္စည်းအစိတ်အပိုင်းများဖြင့် ဆောက်ထားသည့် အိမ်ယာများတွင်နေထိုင်ကြသည်။ ထိုနေရာတွင်နေထိုင်ခြင်းက အပြင်ကထင်ရသလောက် မဆိုးပါ။ Schmarl ရပ်ကွက်အထိပင် မတန်တဆကြီးထွားလာသော Warnow ၏တန်ဖိုးပြန်လည်သတ်မှတ်မှုကို မြှင့်တင်ရန် မြို့တော်သည်လည်း ဆုံးဖြတ်ချက်ချခဲ့သည်။ Rostock က ၂၀၀၃ ခုနှစ် World Horticultural Exhibition အတွက် စာချုပ်ဖြင့်ဆုအပ်နှင်းခံရသည့်အခါ ထိုအခွင့်အရေးသည် ပိုမိုမြင့်တက်လာခဲ့သည်။ နွေရာသီက ဘဏ္ဍာတိုက်ကို ဆိုးရွားစွာထိခိုက်စေသော်လည်း Weidendom (မိုးမခပင်အမိုးခုံး) ပုံစံဖြင့် ကမ္ဘာ့အကြီးဆုံး အသက်ဝင်သည့် အဆောက်အဦး၊ လဟာပြင်ဂီတပွဲများအတွက် အကောင်းဆုံးမြက်ခင်းပြင်၊ ကမ္ဘာအကြီးဆုံးရေပေါ်ပြတိုက်အတွက် ကျောက်ချရပ်နားရာနှင့် လှပသောပန်းခြံတစ်ခု စသည်တို့ မြို့တော်၌ ရှိလာခဲ့သည်။ သင်္ဘောအမည်ဟောင်း “Dresden” အချိန်အတော်ကြာကတည်းက သင်္ဘောဦးပိုင်းကို ပြင်ဆင်ပြီးဖြစ်သော်လည်း ပင်လယ်ရေကြောင်းပြတိုက်သည် “Frieden” အမည်ရ ရှေးရိုးသင်္ဘော “Tradi” ပုံစံသင်္ဘောပေါ်တွင်ရှိသည်။ ၂၀၀၃ ခုနှစ်ကစ၍ စီစဉ်ရေးဆွဲသူများက Rostock လူထုကို အဝေးက ပန်းခြံများကို အကျွမ်းတဝင်ရှိလာစေရန် တက်နိုင်သမျှအရာအားလုံး ကြိုးစားခဲ့ကြပါသည်။ သို့သော် နောက်ထပ်နေသာသည့်ရက်တွင် မည်သည့်နေရာ၌အချိန်ဖြုန်းလိုသည်ကို မိသားစုများဆွေးနွေးသည့်အခါ IGA ပန်းခြံသည်သာ အမြဲရွေးချယ်စရာနေရာတစ်ခုဖြစ်သည်။ “Tradi” သည် ၎င်း၏ပျင်းရိဖွယ်ပြတိုက်ပုံရိပ်ကို ပယ်ဖျက်နိုင်ခဲ့ပြီး အမိုးဖွင့်စင်မြင့်သည်လည်း အရည်အသွေးမြင့် စင်အနောက်ဘက် ဧရိယာဖြင့် အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ရိုးစင်းသော ဆိပ်ကမ်းသည်လည်း အံ့အားသင့်ဖွယ် လမ်းဘေးအစားအစာ အကြံဉာဏ်အချို့အတွက် ဖြစ်လာခဲ့ပြီး Warnow တွင် ရေလွှာလျောစီးနိုင်သည့် နေရာအသစ် အဖြစ် နာရီအတော်ကြာ အပန်းဖြေကစားနိုင်ကြပါသည်။ ကစားသည့်အတွေ့အကြုံရှိသူများပင်လျှင် အား အိုး စသည်ဖြင့် အံအားသင့်ကြပြီး စတင်ကစားကြည့်လိုသူများအတွက်မူ နာကျင်ပျော်ရွှင်မှုများကို စိတ်လိုလက်ရခံစားရနိုင်ပါသည်။

မြစ်ထဲတွင်ရေကူးခြင်း

လမ်းလျှောက်ခါစကလေးမှသည် အဖွားအိုအထိ တစ်မိသားစုလုံးအတွက် အပြင်ဘက်ကရေကူးကန် - Rostock မြစ်ထဲတွင်ရေကူးခြင်း
လမ်းလျှောက်ခါစကလေးမှသည် အဖွားအိုအထိ တစ်မိသားစုလုံးအတွက် အပြင်ဘက်ကရေကူးကန် - Rostock မြစ်ထဲတွင်ရေကူးခြင်း | ဓါတ်ပုံ။ ။ © Flussbad Rostock
Rostock နှင့် Warnemünde ကြား Warnow မြစ်အောက်ပိုင်း သည် အရှေ့ပင်လယ်နှင့် ကြီးမားကျယ်ပြန့်သော ကမ္ဘာကြီး၏ရနံ့ကိုရပြီး Warnow အထက်ပိုင်းသည် ၁၅၀ ကီလိုမီတာအရှည် အနောက်တောင်သို့ ဟန်ဆီယဲတစ်မြို့တော်တိုင် ငြိမ်သက်စွာစီးဆင်းလျက်ရှိပါသည်။ ဦးစွာ မြို့တော်၏သောက်ရေကို ရေဆင်းပိုက်ဖြင့်စုပ်ယူပြီး Warnow မှအတော်ဝေးဝေး Mühlendamm (စက်ရုံဆည်) အထိစီးဆင်းစေပါသည်။ ထိုနေရာတွင်မည်သည့်စက်ဒလက်မျှ မလည်ပတ်တော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး အရေးပါလာသော ရေလွှဲတံခါးများက ရေငံများကို ရေချိုမှ သပ်သပ်ဖယ်ထုတ်ရန် ယခုအခါ အစားထိုးဝင်လာပြီဖြစ်သည်။ ဤချမ်းမြေ့ဖွယ်ကျေးလက်မြင်ကွင်းသည် ၁၅ မိနစ်လမ်းလျှောက်ရုံ (သို့) မြို့လယ်မှ ဘတ်စ်ကားနှစ်မှတ်တိုင်စာသာဝေးပြီး ဟန်ဆီယဲတစ်မြို့တော်၏ အနိမ့်အမြင့်များတွင် နှစ်ပေါင်း ၁၀၀ ကျော် ရေကူးရန်နှင့်နေစာလှုံရန် နေရာတစ်ခုဖြစ်ခဲ့သည်။ လမ်းလျှောက်ခါစကလေးမှသည် အဖွားအိုအထိ တစ်မိသားစုလုံးအတွက် အပြင်ဘက်ကရေကူးကန်အဖြစ်လည်းကောင်း၊ မြို့ရှိကျောင်းနေရွယ်ကလေးများအတွက် နွေရာသီလည်ပတ်စရာ အသစ်အဆန်းရေခဲမုန့်များ၊ မရိုးနိစ်နှင့်အာလူးကြော်၊ ငါးမီတာမျှော်စင်ပေါ်မှ သတ္တိရှိရှိ ခုန်ချခြင်းတို့လည်း ပါဝင်ပါသည်။ ၂၀၀၃ ခုနှစ်တွင် မြို့တော်က ထိုနေရာကို ရောင်းချလိုခဲ့သော်လည်း စည်ပင်သာယာရေးအဖွဲ့က ကြားဝင်လာပြီး ပြင်ဆင်ပြီး ဆက်လက်လုပ်ဆောင်နိုင်ရန် ကျိုးကြောင်းဆီလျော်သော အစီအစဉ်တစ်ခုကို ချပြလာခဲ့သည်။ ထိုအချိန်ကစ၍ အကူးအစပ်နား လူကူးတံတားလျှောစောက်မှသည် ရေကူးသည့်ရေကန်မဟုတ်သည့်ကန်တွင် ကျောက်စရစ်အသစ်များခင်းသည်အထိ နှစ်စဉ် အသစ်အသစ်သောအစီအစဉ်များကို ထပ်ဆောင်းပြုလုပ်လာကြသည်။ ထို့အပြင် မြစ်ထဲတွင် ရေကူးခြင်းအပြင် ကနူး သို့မဟုတ် ကယက်လှေများကို အလွယ်တကူ ငှားရမ်းနိုင်ပြီး ရေအနီးအနားရှိ အပန်းဖြေနေ့လည်ခင်းကို ခံစားနိုင်သည်။