တက္ကသိုလ်ကျောင်းများရှိ Bauhaus
ကမ္ဘာလုံးဆိုင်ရာအမွေအနှစ်တစ်ရပ်
Bauhaus ကျောင်း၏စံက ကမ္ဘာတစ်ဝှန်းတွင် ဒီဇိုင်းပညာရပ်နှင့် ဗိသုကာပညာရပ်ဆိုရုံထက်မက ပိုမိုပုံဖော်၍၊ သင်ကြားရေးကိုလည်း အသွင်ပုံစံပြောင်းလဲပေးသည်။ Bauhaus ကျောင်း၏မွေးရပ် Weimar မြို့ရှိ တက္ကသိုလ်တစ်ခုသည် တည်ထောင်သူများ၏ လမ်းညွှန်အခြေခံမူများအတိုင်း လိုက်နာကျင့်သုံးနေဆဲဖြစ်သော်လည်း ဤတန်ဖိုးစံအပေါ်မှာပင်အခြေခံသော အခြားသောသင်တန်းကျောင်းများသည် မပိတ်မဖြစ် ပိတ်ပစ်လိုက်ကြရသည်။
Hagen Höllering တစ်ယောက် အလုပ်လုပ်ရန်ရောက်လာစဉ် Weimar Bauhaus တက္ကသိုလ်ရှိ လေးထောင့်ပုံမြေကွက်လပ်တွင် ကျောင်းသားများသည် စကားစမည်ပြောရင်း ဆောင်းဦးရာသီအလင်းတန်းနွေးနွေးများအောက်တွင် နေပူစာလှုံနေကြသည်။ ဗိသုကာကျောင်းဆင်း ၎င်းသည် Representation Methodology Institute (ကိုယ်စားပြုနည်းပညာ) တက္ကသိုလ်တွင် သုတေသနလက်ထောက်ဖြစ်သည်။ ယင်းတက္ကသိုလ်သည် Bauhaus ကျောင်း၏ မှန်ကန်ထိရောက်သည့် အစဉ်အလာကို လိုက်နာနေဆဲဖြစ်ကာ၊ ၁၉၂၀ ပြည့်လွန်နှစ်များဆီက အနုပညာနှင့် ဗိသုကာမူများကို ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုသော ဒီဇိုင်းကျောင်းဖြစ်သည်။ “ယနေ့ ခေတ်မှာ ဖြစ်နိုင်သမျှ ကျယ်ပြန့်ပြီး၊ ပညာရပ်နယ်ပယ်တစ်ခုထက်မက သက်ဆိုင်သော ကမ္ဘာကြီးရဲ့ အတွေးအမြင်တစ်ခုကို မဖြစ်မနေလိုအပ်နေတုန်းပဲ။” ဟု Weimar တက္ကသိုလ် ကျောင်းသားဟောင်း Höllering ကိုယ်တိုင်က ပြောကြားသည်။ နှစ်ပေါင်းများစွာကြာရှည်အောင် ရှင်သန်ခဲ့တဲ့အရာက ပထမမျိုးဆက်ကိုင်တွယ်ခဲ့တဲ့ ခိုင်လုံတဲ့ကိစ္စရပ်တွေဆိုတာထက် Bauhaus အနုပညာကျောင်းရဲ့ စိတ်ဝိဉာဉ်ကြောင့်ပါပဲ လို့သူကထပ်ပြောသည်။ “ပစ္စက္ခအချိန်အခါရဲ့ စိန်ခေါ်မှုကို ကိုင်တွယ်လုပ်ဆောင်ဖို့ ကျုပ်တို့အဓိကထားတယ်”
ကနဦးက ဝိုးတဝါးယေဘုယျဆန်မှုလို့ ထင်မြင်ရသော တကယ့်ဘဝအဖြစ်အပျက် ဥပမာများစွာရှိပါသည်။ ဥပမာ ၎င်း၏ PolyCare ကုမ္ပဏီ နှင့် Bauhaus တက္ကသိုလ်တို့အကြား ပူးပေါင်း ဆောင်ရွက်ရန် စိတ်အားပြင်းပြနေသည့် Jens Richter ကဲ့သို့ ပုဂ္ဂိုလ်ဖြစ်သည်။ ဂျာမနီနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော Thuringian မှ စွန့်ဦးတီထွင်သူသည် သူ့ကုမ္ပဏီ၏ အရေးအပါဆုံးထုတ်ကုန်ကို ထုတ်လုပ်ရန် တက္ကသိုလ်၏ကျွမ်းကျင်သူများနှင့် အတူလုပ်ကိုင်ခဲ့သည်။ ယင်း ထုတ်ကုန်မှာ ကန္တာရသဲဖြင့် ပြုလုပ်ထားသော ဘလောက်တုံးများကို အသုံးပြု၍ လွယ်လင့်တကူတည်ဆောက်နိုင်သော အိမ်များဖြစ်သည်။ အဆောက်အဦးအတွက် အခြေခံ ပစ္စည်းများသည် Legos ကြီးများနှင့် အလားသဏ္ဌာန်တူညီပြီး၊ အဆောက်အဦးဆောက်လုပ်ဖို့ အသုံးမပြုနိုင်ဘူးဟု အများကလက်ခံယူဆထားသည့်၊ တွေ့နေမြင်နေကျပစ္စည်းများကို ဆန်းသစ်စွာအသုံးပြုထားသည်။
“ဒါမှ ကျုပ်တို့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ ရတဲ့ပြီးနောက် မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်နိုင်မယ်။ ဒါမှမဟုတ်ရင်လည်း ဆင်ခြေဖုံးတွေမှာ အခြေခံအဆောက်အအုံတွေကို တိုးတက်လာစေနိုင်မယ်။” ဟု Richter က ရှင်းပြသည်။ နမီးဘီးယားအစိုးရသည် ဆင်းရဲသောပြည်သူများအတွက် အိမ်အလုံးရေ ၂၅,၀၀၀ ကို ဘလောက်တုံးများအသုံးပြု၍ ဖန်တီးရန် စိတ်ဝင်စားနေသည်။ နည်းပညာအရပါးနပ်ပြီး၊ ကြည့်ပျော်ရှုပျော်လည်းဖြစ်ကာ၊ ဈေးနှုန်းချိုသာပြီး ကောင်းမွန်သောလူမှုသက်ရောက်မှုလည်းရှိနေရာ Bauhaus အနုပညာကျောင်း တည်ထောင်သူ၊ ဗိသုကာပညာရှင် Walter Gropius က ကန္တာရသဲဖြင့် အိမ်ဆောက်လုပ်ဖို့ စိတ်အားထက်သန်နေမည်မှာ အသေအချာပင်ဖြစ်သည်။
သင်ယူလေ့လာမှု မူလေးရပ်
၁၉၁၉ ခုနှစ် နွေဦးတွင် Bauhaus အနုပညာကျောင်း၏ ညွှန်ကြားရေးမှုးအဖြစ် ခန့်အပ်ခံရသော Gropius သည် ဤအလားတူတန်ဖိုးများကို ပျံ့နှံ့သွားအောင် ကျောင်းသစ်ကို တည်ထောင်ခဲ့သည်။ အခြေခံပုံသဏ္ဌာန်များနှင့် အရောင်များဆီသို့ ပြန်ဉီးလှည့်ဖို့၊ ရိုးရိုးရှင်းရှင်း ပုံတူပွားဖို့၊ နေရာကွက်လပ်၊ ပစ္စည်းပစ္စယ၊ အချိန်နှင့် ငွေကြေးတို့ကို အကောင်းဆုံးအသုံးချဖို့ သူကတိုက်တွန်းသည်။ ယနေ့ခေတ်တွင် ဤမူများသည် စမတ်ဖုန်းမှသည် ခေတ်မီ ရုံးခန်းအဆောက်အဦးများအထိပါ အရာအရာတိုင်းအတွက် ထုတ်ကုန်တီထွင်ဖန်တီးပြုလုပ်ရာတွင် လက်တွေ့ကျင့်သုံးနေကြသည်။
ဆယ်စုနှစ်များစွာကြာမြင့်လာသော် တက္ကသိုလ်အတော်များများသည် သင်ရိုးများကို Bauhaus အနုပညာကျောင်း၏မူများအပေါ် အခြေခံထားသည်။ သို့သော် တက္ကသိုလ်အားလုံးတို့သည် အချိန်ကာလစမ်းသပ်မှုတွင် ရေရှည်မတည်တံ့နိုင်ခဲ့ကြပါ။ ၁၉၅၃ ခုနှစ်ကဲ့သို့ အစောပိုင်းနှစ်ကာလတွင် Bauhaus ကျောင်းသားဟောင်း Max Bill သည် အခြားဒီဇိုင်နာများ၊ အနုပညာရှင်များနှင့်အတူလက်တွဲကာ Hochschule für Gestaltung (University of Design, HfG) ဒီဇိုင်း တက္ကသိုလ်ကို Ulm မြို့ တွင်တည်ထောင်ခဲ့သည်။ ယင်းတက္ကသိုလ်သည် တကမ္ဘာလုံးမှ ကျောင်းသားများကို ဆွဲဆောင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ငွေကြေးအကြောင်းတရားများကြောင့် ကျောင်းတံခါးကိုပိတ်ခဲ့သည်။ ၁၉၇၀ တွင် Offenbach am Main မှ Hochschule für Gestaltung (University of Design) ဒီဇိုင်းတက္ကသိုလ်သည် အခြားကျောင်းများအကြား HfG Ulm ၏ သင်ကြားမှုအယူအဆကို လက်ခံကျင့်သုံးခဲ့သည်။
မြောက်အမေရိက လက်ရာအမွေဆက်ခံသူများ
Wick အဆိုအရ Bauhaus ကျောင်း၏ အောင်မြင်မှုပဲ့တင်သံကို ကျောင်း၏သင်ကြားသူများထံတွင် ပြန်လည်၍ခြေရာခံနိုင်သည်။ ဆိုလိုသည်က “Gropius က သူ့ပတ်ဝန်းကျင်မှာ အဲဒီခေတ်အခါရဲ့ အထင်ရှားဆုံးအနုပညာရှင်တွေနဲ့ ဝန်းရံထားအောင်လုပ်ဆောင်နိုင်တယ်” ။ ထို့နောက်တွင် နေရှယ်နယ်ဆိုရှယ်လစ်နာဇီအစိုးရ၏ ဖိစီးနှိပ်စက်မှုကြောင့် Bauhaus ကျောင်းမှ ဆရာများနှင့် အနုပညာရှင်များပြည်ပသို့ထွက်ပြေးခဲ့ကြရာ Bauhaus သင်ကြားရေးနည်းနာတို့သည် ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့သည်။ တိုင်းတပါးတွင်အခြေချခြင်းကြောင့် သင်ကြားမှုများသည် ဆွီဒင်နိုင်ငံ၊ တောင်အမေရိကတိုက်နှင့် အမေရိကန်နိုင်ငံတစ်ဝှန်းသို့ ရောက်ရှိကုန်သည်။ Gropius သည် Bauhaus ကျောင်းအား ၁၉၂၈ခုနှစ်တွင် စွန့်ခွာခဲ့ပြီး၊ ၁၉၃၄ ခုနှစ်တွင် ဂရိတ်ဗြိတိန်နိုင်ငံသို့ နိုင်ငံကူးဝင်ရောက်ပြီးနောက် အမေရိကန်နိုင်ငံသို့ ရောက်ရှိသည်။ အခြား ဗိသုကာရှင်များနှင့်အတူ နယူးယောက်၏ Manhattan စီရင်စုရှိ ယခင်က Pan Am အဆောက်အအုံဟုခေါ်သည့် MetLife အဆောက်အအုံတည်ဆောက်ရာတွင် ဦးစီးဦးဆောင်ဖြစ်ခဲ့သည်။ Bauhaus အနုပညာကျောင်းမှ အရေးအပါဆုံး ဓာတ်ပုံဆရာများနှင့် ပုံနှိပ်အတတ်ပညာရှင်များအနက် တစ်ဦးဖြစ်သော ဟန်ဂေရီလူမျိုး László Moholy-Nagy သည် ထိုနှစ်မှာပင် ဂျာမနီနိုင်ငံမှ မြောက်အမေရိကသို့ ထွက်ခွာသွားသည်။ ၁၉၃၇ ခုနှစ်တွင် ချီကာဂိုမြို့ Bauhaus Graduate School ကျောင်းသစ်၏ တည်ထောင်သူ ညွှန်ကြားရေးမှူးဖြစ်လာပြီး၊ ထိုကျောင်းသည် ယနေ့ Illinois စက်မှုတက္ကသိုလ်ရှိ Institute of Design ကျောင်းဖြစ်သည်။
“BAUHAUS အစဉ်အလာက သတ္တိနှင့် တာဝန်ခံမှုကို သင်ကြားပေးသည်။”
Bauhaus-Universität Weimar ၏ ဥက္ကဌ၊ ပါမောက္ခ Winfried Speitkampနှင့် တွေ့ဆုံဆွေးနွေးခြင်း။
Professor Speitkamp ခင်ဗျာ၊ ဆရာ့ရဲ့တက္ကသိုလ်က အခြားသောတက္ကသိုလ်များနဲ့ ဘယ်လိုမျိုး ကွဲပြားခြားနားတာပါလဲ။
ကျွန်တော်တို့ဟာ စိတ်ကူးစိတ်သန်းနဲ့ ဒီဇိုင်းဟန်အတွက် နာမည်ပေးထားတဲ့ ဂျာမနီနိုင်ငံ မှာရှိတဲ့ တစ်ခုတည်းသောတက္ကသိုလ်ပါ။ ရိုးရိုးရှင်းရှင်း အစဉ်အလာကိုထိန်းသိမ်းဖို့ဆိုတဲ့ အသိတင်မကပါဘူး အဲဒါကို ကျွန်တော်တို့ သိပ်ကိုအလေးအနက်ထားပါတယ်။ Bauhaus အနုပညာကျောင်းနဲ့ဆက်စပ်နေတဲ့ မေးခွန်းတွေကိုပြန်လည်လေ့လာဖို့၊ ပြန်လည်ဘောင်ခတ်ဖို့တွေအတွက် အာရုံ စိုက်ရမယ့်အစား ယနေ့ခေတ် နည်းပညာ၊ သိပ္ပံနဲ့ ဒီဇိုင်းကို ဘယ်လို ချိတ်ဆက်မလဲ၊ ပြီးတော့ နေထိုင်ဖို့ထိုက်တန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဘယ်လို ဖန်တီးမယ် အစရှိသဖြင့် အာရုံစိုက်ပါတယ်။ မှတ်ဉာဏ်အတုစတဲ့ စိန်ခေါ်မှုအသစ်တွေက တုန့်ပြန်မှုအသစ်တွေကို လိုအပ်နိုင်မလားဆိုတာကိုလည်း ကျွန်တော်တို့ လေ့လာစူးစမ်း မယ်။
ဂျာမနီနိုင်ငံမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် Bauhaus ကျောင်းရဲ့အစဉ်အလာကို သစ္စာစောင့်ထိန်းလိုစိတ် ဒါမှမဟုတ် ဒီအစဉ်အလာအပေါ်မှာအခြေခံထားတဲ့ အခြားတက္ကသိုလ်တွေရော ရှိပါသလား။
သိပ်ရှိတာပေါ့။ ကျုပ်တို့ရဲ့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေထဲမှာပါတဲ့ အနုပညာကျောင်းတွေ အများကြီးရှိပါတယ်။ ချီကာဂိုမြို့က School of the Art Institute of Chicago ကျောင်းနဲ့ နယူးယောက်မြို့က Pratt Institute တို့ပါ။ အဲဒီကျောင်းတွေက အခြား ဒီဇိုင်းကျောင်းတွေနဲ့အတူ Bauhaus ကျောင်းရဲ့ အစဉ်အလာကို အားသွန်ခွန်စိုက် လေ့လာကြပါတယ်။ Bauhaus ကျောင်းရဲ့အမွေကို နည်းလမ်းပေါင်းအနန္တနဲ့ ကျင့်သုံး အဓိပ္ပါယ်ပြန်ကြတာမို့ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Bauhaus တည်ထောင်သူတွေရဲ့ ဘယ်လို သတ်သတ်မှတ်မှတ်တွေ့ရှိမှုမျိုးတွေက ယနေ့ခေတ် သင်ကြားမှုထဲကို ရောက်ရှိသွားကြတာလဲ။
ကျွန်တော်တို့သင်ကြားတဲ့နည်းလမ်း၊ အကြောင်းအရာနဲ့ နည်းစနစ်တွေက ဆက်ပြီးသွားနေတာ။ သို့သော် နည်းပညာ၊ လက်မှုပညာ၊ သိပ္ပံနှင့် ဒီဇိုင်းပညာရပ်တို့ကို စုစည်းအယူအဆတစ်ရပ်အဖြစ် အတူတကွပေါင်းစပ်ဖို့ ဆိုတဲ့အကြံက နှစ်သက်စရာကောင်းနေတုန်းဖြစ်သလို၊ ပညာရေးမှာလည်း အချိန်ကိုက်နေတုန်းပဲ။ Bauhaus ကျောင်း အမြစ်တွယ်တဲ့ ၁၉၀၀ ပြည့်နှစ် တစ်ဝိုက်ဆီက ကြီးမြတ်တဲ့ပြန်လည်ဖွဲ့စည်းခြင်းကနေလာတဲ့ စိတ်ကူး အယူအဆအများကြီးလိုပါပဲ။ လူငယ်လှုပ်ရှားမှု စတင်ခြင်းတွေ၊ ပညာရေးပြုပြင် ပြောင်းလဲမှုတွေ၊ သဘာဝဆေးဝါးကုထုံးကုနည်းဘက်ဆီကို ပြန်လှည့်ခြင်း၊ သက်သတ်လွတ် စားသုံးခြင်းဝါဒ၊ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီသော မြို့တော်နဲ့ အခြားသော တီထွင်စမ်းသစ် ပြုပြင်ပြောင်းလဲမှုများဟာ ဒါကို ကျွန်တော်တို့အတော်များများ သတိပြုမိကြရင်တောင် ကနေ့အထိ အကျိုးရလဒ်ရှိပါတယ်။
ယနေ့စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ Bauhaus အနုပညာကျောင်းရဲ့အစဉ်အလာက ဘယ်အခန်းက ပါဝင်ပါသလဲ။ အတွေးသစ်အမြင်သစ်ဆန်းသစ်မှု၊ တော်လှန်ပစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်နေတာကို ဘယ်နေရာမှာ ခင်ဗျားတွေ့ရသလဲ။
Bauhaus အနုပညာကျောင်းရဲ့အစဉ်အလာက ခေတ်သစ်ကမ္ဘာကိုဒီဇိုင်းဖန်တီးရာမှာ သတ္တိရှိဖို့၊ တာဝန်ခံတတ်တဲ့စိတ်ရှိဖို့ သင်ကြားပေးတယ်။ ဒါဟာ အလျင်အမြန် ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ ထိတွေ့ခြင်းဆုံမှတ်ဖြစ်ပါတယ်။ Bauhaus က Heimatschutzbewegung (အိမ်ကိုကာကွယ်စောင့်ရှောက်ခြင်းလှုပ်ရှားမှုလို့အဓိပ္ပာယ်ရတဲ့) လို စံပြုထားတဲ့အတိတ်နဲ့ သမိုင်းကပဲဆုံးဖြတ်တယ်ဆိုတဲ့ဝါဒဆီကို ပြန်လှည့်ဖို့ မပြောဘူး။ ခေတ်သစ်ကာလမှာ ခေတ်သစ်ဆိုတာကို ပြန်ပြီးတွေးခေါ်ခိုင်းတယ်။ ဖြစ်နိုင်ခြေတွေကို ဖွင့်ပေးတယ်။ ဒီအတိုင်းကိုပဲ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတာပါ။ ခေတ်သစ် ကာလမှာ အပြောင်းအလဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဘယ်လို လမ်းညွှန်မလဲဆိုတာကို ကျွန်တော်တို့ ကြိုးစားရှာဖွေနေတယ်။ ဒါမှလည်း နေပျော်ဖွယ်ပတ်ဝန်းကျင်နဲ့ စည်းလုံးတဲ့လူ့ အဖွဲ့ အစည်းတစ်ခုကို ရနိုင်မှာ။ ဒီနေရာမှာပဲ Bauhaus တက္ကသိုလ်က သမားရိုးကျမဟုတ်တဲ့ စိတ်ကူးတွေနဲ့ ဦးစီးဦးဆောင်တဲ့ ဖြေရှင်းမှုတွေအတွက် နေရာတစ်နေရာအဖြစ်နဲ့ လုပ်ဆောင်နိုင်မှာပါ။